ကရင်တပ်ဖွဲ့များအားလုံးအနေဖြင့် ကိုယ်ကျိုးရှာကြံနေသူများ မဖြစ်စေရေး ပြန်သုံးသပ်ရန်လည်း သတိပေး
လူထုဆန့်ကျင်ရေးလုပ်ရပ်မှန်သမျှ ရှောင်ရှားရမည်ဟု KNLAက ကရင့်အာဇာနည်နေ့သို့ သဝဏ်လွှာပို့
တိုင်းရင်းသားလူမျိုးများနှင့် ပြည်သလူထု တစ်ရပ်လုံးမှ စစ်အာဏာရှင် အုပ်စုအား လက်မခံနိုင်သည့် အတွက် စစ်အာဏာရှင် အုပ်စုအား နိုင်ငံရေး စစ်ရေးအပြင် သံတမန်ရေး စသည့် နည်းလမ်းမျိုးစုံဖြင့် တော်လှန်နေကြရာ စစ်အုပ်စု လုံးပါးသွားပြီး စစ်တပ်ကံကြမ္မာ ပြည်သူ့လက်ဝယ် ပြန်လွှဲအပ်ကာ တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူ့ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်နိုင်သည်အထိ ကြိုးပမ်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ယနေ့ (ဩဂုတ် ၁၂ရက်) ကျရောက်သည့် (၇၃)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ တွင် KNU ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်း၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၅၀ ခုနှစ် ဩဂုတ် ၁၂ရက်တွင် ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး နှင့် ခေါင်းဆောင်ရဲဘော် အချို့က ကရင်ပြည်နယ် ထို့ကော်ကိုးသေတွင် ရန်သူ၏ ဝိုင်းထားခြင်းခံရသော်လည်း လက်နက်ချ အညံမခံဘဲ ခုခံတိုက်ခိုက် အသက်ပေးခဲ့ရသည့် နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ကျင်းပခြင်းဖြစ်သည်။
လက်ရှိတွင် အာဏာသိမ်းစစ်အုပ်စုသည် အဖက်ဖက်မှ ဖိအားများကို ခံစားနေရကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးလည်း အခက်အခဲနှင့် အကြပ်အတည်းမျိုးစုံကို ရင်ဆိုင်ခံစားနေကြရကြောင်း၊ သို့ရာတွင် လူမျိုးကြီး ဝါဒကို စွဲကိုင်အသုံးချနေသည့် စစ်အုပ်စုသည် တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူလုထအား အကြမ်းဖက်ဖိနှိပ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ စစ်အုပ်ချုပ်ရေးကို ဆက်လက်ကိုင်စွဲပြီးနည်းပရိယာယ်မျိုးစုံဖြင့်လှည့်စားနေကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် အစုအဖွဲ့အားလုံး၏ အင်အားများကို စုစည်းကာ စစ်အုပ်စုသည် လုံးပါးသွားပြီး စစ်တပ်၏ ကံကြမ္မာအား ပြည်သူလူထု၏ လက်ဝယ်သို့ ပြန်လည်လွှဲအပ်ကာ တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူလူထု၏ လိုအင်ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်နိုင်သည်အထိရှေ့ဆက်ကြိုးပမ်းရပါမည် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။
စစ်အုပ်စုသည် ဗမာလူမျိုးကြီးဝါဒကို အသုံးချပြီး အာဏာရှင်စနစ်ကို တည်ဆောက်ကာ ကိုယ်ကျိုးရှာနေကြသည့် အုပ်စုဖြစ်ကြောင်း၊ မိမိတို့၏ မဟာမိတ်နှင့် အင်အားစုများအပြင် မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ ရင်ဆိုင်နေရသည့် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ထို့နည်းတူ မိမိတို့၏ မိတ်ဆွေနှင့်မိမိတို့၏အင်အားစုများကိုလည်း သိရှိရမည်ဟု ပြောကြားခဲ့သည်။
စစ်အာဏာရှင်စနစ်အပြင် အာဏာရှင်စနစ်၏ လမ်းစဉ်နှင့် အုပ်ချုပ်ရေးလုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် နှင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အစုအဖွဲကများ အပြင် လူထုအခြေပြု လူ့အဖွဲ့အစည်းများနှင့်လက်တွဲလုပ်ဆောင်ရမည်ဟု KNU ဥက္ကဋ္ဌက ပြောသည်။
လက်ရှိ အခြေအနေတွင် ကရင့်အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေပါသည်ဟု ကြွေးကြော်နေကြသည့် ကရင့်အမျိုးသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ကရင့်လက်နက်ကိုင် အစုအဖွဲ့အားလုံးအနေဖြင့် မိမိတို့၏ အစုအဖွဲ့ရပ်တည်နိုင်ရေးတစ်ခုတည်းနှင့် မိမိတို့၏ ကိုယ်ကျိုးကိုသာ ရှာကြံနေကြသူများ မဖြစ်စေရန် မိမိတို့၏ အမှန်တကယ် လုပ်ရပ်များနှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်ဆန်းစစ်ရန်လိုအပ်ကြောင်းလည်း KNU ဥက္ကဋ္ဌက သတိပေး ပြောကြားသည်။

ကရင်အမျိုးသားများ၏ ရည်မှန်းချက် ပန်းတိုင်အား ပြီးမြောက်အောင်မြင်စေရန် မိမိတို့ ကရင့်အမျိုးသားအဖွဲ့အစည်းများ အမှန်တကယ် စုစည်းကြပြီး တစ်ခုတည်းသော ဦးဆောင်မှုနှင့်တစ်ခုတည်းသော ရည်မှန်းချက်အောက်တွင် ပြန်လည်စုစည်းပြီး ကြိုးပမ်းအားထုတ်ကြရန်လိုအပ်ကြောင်းလည်း ပြောကြားသည်။
ကရင့်တမျိုးသားလုံးနှင့် ကရင့်အမျိုးသားအဖွဲ့အစည်းအားလုံး၏ စုစည်းညီညွတ်မှုသည် ကရင့်အမျိုးသားများ၏ ဂုဏ်သတင်းထင်ပေါ်မှုနှင့် မိမိတို့ ရန်သူ၏ လေးစားမှုများအတွက် အဓိက ကျသည့် အရာဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။
ကရင့်အမျိုးသားအာဇာနည်နေ့သို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ ခေါင်းဆောင် စောဘဦးကြီးနှင့် တကွ ခေါင်းဆောင် အဆက်ဆက် လက်ဆင့်ကမ်းချပေးထားခဲ့သည့် လမ်းစဉ် လုပ်ငန်းစဉ်များအပေါ် မားမားမတ်မတ်ရပ်တည်ကြရန် ဖော်ပြသည်။
ကရင့်တော်လှန်ရေးသည် နှစ်ပေါင်း ၇၄ နှစ်တိုင်ရှိခဲ့ပြီဖြစ်ပြီး ကရင့်အာဇာနည်နေ့သည်လည်း နှစ်ပေါင်း ၇၃ နှစ်တိုင်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့အထိတိုင် တော်လှန်ရေးအပေါ် ပြည်သူလူထုမှ အားပေးထောက်ခံမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ကရင့်တော်လှန်ရေးခေါင်းဆောင်များ ရဲဘော်များသည် လူထုဆန့်ကျင်ရေး လုပ်ရပ်မှန်သမျှကိုလည်း ရှောင်ရှားရမည်ဖြစ်ကြောင်း KNLA က သဝဏ်လွှာပေးပို့သည်။
အာဇာနည်ခေါင်းဆောင်များ၏ ကျေးဇူးတရား များကို အောက်မေ့သတိရလျက် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ချမှတ်ထားပေးတဲ့ ဆုံးဖြတ်ချက် ပြဌာန်းချက်များနှင့် စည်းမျဉ်းစမ်းကမ်းများကို စွမ်းစွမ်းတမံလိုက်နာလုပ်ဆောင်သွားကြဖို့ ထပ်မံ အသိပေးခဲ့သည်။
