စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် လေးရက်အတွင်း တိုက်ပွဲ ငါးကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ် ၁၀ဦးထက််မနည်းသေဆုံးကာ ပြည်သူ့ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
သြဂုတ် ၆ရက်က ယင်းမာပင်နှင့် ကနီမြို့နယ် ကြားတစ်နေရာတွင် အင်အား ၃ဝဝပါစစ်ကြောင်းအားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်အထိအခိုက်ရှိ၍ ၎င်းတို့တပ်စွဲရာ မုံရွာမြို့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)၊ ရွှေတောင်ဦးကုန်း၊ ကျောက်စစ်ပုံအမြှောက်တပ်တို့က လက်နက်ကြီးများ ပစ်ကူခဲ့သည်ဟု ဆိုသည်။
သြဂုတ် ၁၀ ရက်ကလည်း ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့သည်။
ရှမ်းမြောင်းကျေးရွာတံတားအနီးတွင် နှစ်ကြိမ်၊ ကနီမြို့ပေါ်မှ ရေလယ်ကျွန်း ပျူစောထီးရွာသို့ ရိက္ခာပို့လာသော အင်အား (၆၀)ခန့်ပါ စစ်ကောင်စီတပ်ကို ကနီမြို့နှင့် ရေလယ်ကျွန်း ပျူရွာကြားအရောက်တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ကနီမြို့ရဲစခန်းကိုလည်း နည်းပညာသုံးထားသည့် မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ပစ်ချခဲ့၍ ဒရုန်းနှစ်စီးဆုံးရှုံးခဲ့ကြောင်း ULF(မဟာမိတ်တပ်ပေါင်းစု)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သားများသည် ဒရုန်းဖြင့် ဗုံးသီးကြဲချခြင်း၊ (၁၂၀)မမ လက်နက်ကြီးများနှင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သြဂုတ်၁၀ ရက်ဖြစ်စဥ်များတွင် စစ်ကောင်စီတပ် ၁၀ဦးထက်မနည်း သေဆုံးကာ KLG Columns (KLG PDF)မှ တပ်ခွဲမှူးကိုနိုင်ဝင်း လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့ကြောင်း UnionLiberation Front-ULFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကနီမြို့ကနေ အင်အား ၆၀ပါ စစ်သားတွေကို မိုင်း ခြောက်လုံးကျွေးခဲ့ပြီး မီတာ ၁၀၀အကွာမှာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ ရက်ဆိုင်ပစ်ရင်းကျတာ “ဟု အထက်ပါတာဝန်ခံက ပြောသည်။
သြဂုတ် ၁၀ရက် စစ်ဆင်ရေးများကို ULF(မဟာမိတ်တပ်ပေါင်းစု)မှ KLG စစ်ကြောင်း ၊Comrade စစ်ကြောင်းနှင့် Alpha စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၆ ရက်စစ်ဆင်ရေးကိုမူ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄၊ တပ်ခွဲ – ၃ Monywa NightKing PDF၊ Union Liberation Front-UFL တပ်ပေါင်းစု၊ MRDA တပ်ရင်း (၆)တပ်ခွဲ (၁)နှင့် အခြားဒေသတွင်းမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
