နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ကြား ဂုတ်တွင်းလမ်းပိုင်းတစ်နေရာတွင် သြဂုတ် ၄ ရက်နေ့ခင်းပိုင်း စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံခဲ့ရမှုတွင် အရာရှိတစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများကို နောင်ချို သုသာန်တွင် သြဂုတ် ၆ ရက်တွင်သဂြိုဟ်သွားကြောင်း ဒေသခံအချို့က ပြောသည်။
သေဆုံးစစ်သားများကိုနောင်ချို သုသာန်တွင် သဂြိုဟ်ရာ၌မြေကျင်း ၁၄ကျင်း တူး၍ သြဂုတ် ၆ ရက် မွန်းလွှဲ ၂ နာရီက အမိန့်ပြန်တမ်းဖတ်၍ နာရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့က ပြောသည်။ နာရေးပြုလုပ်ရာတွင် လုံခြုံရေးများစွာချထားကြောင်းလည်းသိရသည်။
သေဆုံးစစ်သားများမှ ခြေမြန်တပ်ရင်း-ခမရ (၁၁၅)မှ ၉ ဦး ၊ ခမရ ၁၁၄ မှ ၅ ဦးဖြစ်ပြီး ဗိုလ်ကြီး ၁ ဦးပါဝင်ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ကနဦးတွင် သေဆုံးသူ ၁၃ ဦး ၊ဒဏ်ရာရသူ ၅ ဦးဟုသတင်းထွက်ပေါ်ခဲ့သော်လည်း နာရေးအခမ်းအနားတွင်မှ ၁၄ ဦးသေဆုံးကြောင်းသိရကာ ၊စစ်ကောင်စီကအဆိုပါသတင်းကို အသိမခံဘဲအမှောင်ချထားသည်။
သြဂုတ် ၄ ရက် နေ့ခင်းပိုင်းတွင် နောင်ချိုနှင့်ကျောက်မဲမြို့ကြား နောင်ပိန်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောကားကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့သည်။RPG ကိုပါအသုံးပြုတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါသူ အများစုသေဆုံးပြီး၊ ဒဏ်ရာရသူအနည်းငယ်သာကျန်ရှိခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ထံမှသိရသည်။
“ခုသေတဲ့ကောင်တွေကတပ်ရင်းတွေမှာအမြဲနေရတဲ့သူတွေပဲ ။သက်သက်ရွေးလုပ်တဲ့သဘောထင်တယ်။အဲ့စစ်ကားကတစ်စီးထဲ။ ရိက္ခာသွားထုတ်ရင်းသွားကြတာ။သေတဲ့အထဲမှာ တပ်သားတစ်ယောက်မှမပါဘူး။တိုက်ပွဲမလိုက်ရတဲ့သူတွေအသက်ကြီးပိုင်းတွေများတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
သေဆုံးသူများတွင် ခမရ( ၁၁၅ ) ဗိုလ်အပါအဝင် ၉ ဦး ၊ ခမရ (၁၁၄)မှ တပ်ကြပ်ကြီး ၅ ဦးပါဝင်ပြီး သေဆုံးသူများကို နောင်ချိုမြို့နယ်ဆေးရုံသို့ပို့ကာ ၊ဒဏ်ရာရသူများကို ပြင်ဦးလွင် စစ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ခြင်းဖြစ်ကြောင်းစုံစမ်းသိရသည်။
“ကားတစ်စီးထဲကို ဝိုင်းပစ်တာ။ လောင်ချာနဲ့ပါချတာဆိုတော့ အသေများတယ်။ နောင်ချိုမှာ ဆုံးတာတွေကို နောင်ချိုသုသာန်မှာ အမိန့်ပြန်တယ်။ ဒဏ်ရာရတွေကို မေမြို့စစ်ဆေးရုံပို့တယ်။ အခု စစ်တပ်က အဲ့ဒီဂွင်ကို အင်အားတွေ တိုးနေတယ်” ဟု အဆိုပါတိုက်ခိုက်မှုကို သိရှိထားသည့် ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူများတွင် ပင်စင်ယူခါနီး အသက်ကြီးပိုင်းစစ်သားများပါဝင်ကြောင်းသိရသည်။
“တပ်ရင်းတွေထဲမယ်တပ်သားရယ်လို့မရှိတော့ဘူးဗျ ။စစ်သားမိန်းမတွေ ကင်းစောင့်သေနက်ကိုင်နေရတဲ့အနေအထားပဲ။ စခတွေဟာ ခံစစ်ကိုပဲ ပြင်ဆင်လိမ့်မယ်ထင်တယ်”ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ကျောက်မဲမြို့တွင် သြဂုတ် ၆ ရက် နေ့ခင်းပိုင်းတွင်လည်းလက်ဖက်ရည်ဆိုင်ထိုင်နေသော မြို့နယ်စည်ပင်ဦးစီးမှူး ၊လျှပ်စစ်ဌာန အရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီကအဆိုပါတိုက်ခိုက်မှုမှာ TNLA တပ်ဖွဲ့ဝင် ၂ ဦးကတိုက်ခိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲထုတ်ပြန်ထားသည်။
အထက်ပါတိုက်ခိုက်မှု နှစ်ခုဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်က ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်အင်အားတိုးချထားကြောင်းဒေသခံအချို့ကပြောသည်။
