မလိယန်ဒေသတဝိုက် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး ထောက်ပို့ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်း
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းတောင် တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကို KIAက သိမ်းဆည်းရရှိခဲ့သည်။
ဖားကန့် ဆိုင်းတောင်နှင့် တာမခန်ကြားရှိ အဆိုပါ တပ်စခန်းကို KIA တပ်မဟာ(၉) ပူးပေါင်းတပ်က ယနေ့(ဩဂုတ် ၇ရက်) နံနက် ၅နာရီတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ ၃နာရီခွဲကျော်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“မနက် ၈နာရီ ၃၅မိနစ်မှာ စခန်းကိုအပြီးအစီး သိမ်းပိုက်နိုင်ခဲ့တယ်။ လက်နက်ငယ် ၇လက် နဲ့ခဲယမ်းကျည်အမြောက်အများ သိမ်းဆည်းရရှိထားတယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရှင်ဖမ်းဆီးရရှိခဲ့သည်ကို ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ကချင်သတင်းဌာနအချို့၏ ဖော်ပြချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အပြင် စစ်ကောင်စီတပ်အရာရှိနှင့် ၎င်း၏ မိသားစုဝင်များကိုပါ ဖမ်းဆီးရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ဆေးကုသပေးနေပြီး မိသားစုဝင်များကို ပြန်လွှတ်ပေးရန်ရှိသည်ဟု မြေပြင် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။
KIA/PDF ပူးပေါင်းတပ်သည် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်(SNA) ဂိတ်စခန်း ၂နေရာကိုလည်း ယနေ့နေ့လယ်ပိုင်း၌ တိုက်ခိုက်ခဲ့သည်ဟု ဆယ်ဇင်းဒေသခံက ပြောသည်။ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေသံ ကြားရကြောင်းဆယ်ဇင်းဒေသခံက ပြောသည်။
ကသိုဏ်းတောင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။
KIAနှင့် စစ်ကောင်စီတပ်တို့ တစ်လကျော်ကြာတိုက်ပွဲဖြစ်ပွားနေသည့် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ မလိယန်ဒေသသို့လည်း စစ်ကောင်စီတပ်က လေကြောင်းမှ အင်အားဖြည့်နေသည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ (ဩဂုတ် ၇ရက်) နေ့လယ် ၂နာရီခန့်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီး ထောက်ပို့ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းသွားသည်ဟု ဆိုသည်။
“မလိယန်ဘက်မှာ မြစ်ကြီးနားဘက်က လာတဲ့ MI-35 တစ်စီး အပေါ်က ပစ်ပေးပြီး MI-17 က လူချသွားတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါဒေသသည် KIO/KIA ဌာနချုပ် နယ်မြေနှင့်နီးစပ်ပြီး စစ်ကောင်စီက ဇူလိုင်လဆန်းကတည်းက စစ်အင်အားများ ဖြည့်တင်း ထိုးစစ်ဆင်လျက်ရှိရာ KIA၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ မြေပြင်တပ်များ အထိနာခဲ့သည်။ ထို့ကြောင့် လေကြောင်းမှ စစ်အင်အားဖြည့်တင်းလာခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါဒေသရှိ စစ်ကောင်စီတပ်စခန်းများကို KIAက တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်မှုများ စတင်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းက တပ်စခန်းအချို့ကို သိမ်းပိုက်ထားသည်။
