မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နယ်ထိန်းရဲအရာရှိတစ်ဦးနှင့် အမျိုးသားတစ်ဦးကို လူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။
“ဇင်းကျိုက်ရဲစခန်းက နယ်ထိန်း ဖြိုးဇော်အောင်နဲ့ သူ့အဖော်တစ်ယောက် အပစ်ခံရတာ။ပွဲချင်းပြီးသေတယ်”ဟု ဇင်းကျိုက်ဒေသခံတစ်ဦးက People’s Springသို့ပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် ယမန်နေ့ (ဇူလိုင်၂၂ ရက်) ညနေ ၆နာရီခန့်က ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ ကျော်ကြီးစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
နယ်ထိန်းဖြိုးဇော်အောင်နှင့်အတူ ပစ်ခတ်ခံရသူမှာ ပေါင်မြို့မှ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင် သူ အမျိူးသားဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းတို့နှစ်ဦးသည် သေနတ်ဖြင့် နှစ်ချက်စီပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆိုင်းအတွင်း ထိုင်နေသည့် နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်သွားသည့်သူနှစ်ဦးကို မသိရှိဘဲ ယခင်ကလည်း မမြင်ဖူးဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှုနှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလည်း ယနေ့အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
