စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်မွန်ပြည်နယ်မှလာရောက်၍ စစ်ကောင်စီတပ်အားပူးပေါင်းတိုက်နေသည့် ရဲဘော်တစ်ဦး မိုင်းဆင်ရင်းမတော်တဆဖြစ်၍ ကျဆုံးခဲ့သဖြင့်ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ရဲဘော်များက ပြောသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ဝက်လက်မှ ထွက်လာသော စစ်ကောင်စီတပ်သားများအားမိုင်းဆွဲတိုက်ခိုက်ရန် မင်းကုန်းကြီးရွာအနီးတွင်မိုင်းဆင်နေသော အသက်၂၂နှစ်အရွယ် ရဲဘော်ဇာမဏီသည် မိုင်းမတော်တဆပေါက်ကွဲကာကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ်တပ်ပေါင်းစုအဖွဲ့မှခေါင်းဆောင်တစ်ဦးက ပြောသည်။
“စစ်တပ်ကရွာအနောက်ကဝင်တော့သူရှေ့မှာနည်းနည်းလောသွားတယ်ထင်တယ်။ မန္တလေးသူငယ်ချင်းအဆက်အစပ်နဲ့ရောက်လာတာ။ သူကတခြားဘက်ကိုသွားမှာ။ သူကလည်းအရင်ကမိုင်းတွေဘာတွေလုပ်ဖူးတယ်။ ဧည့်သည်အဖြစ်နဲ့ပါတာ။ ဒီဘက်မှာပွဲရှိတော့လိုက်ချင်တယ်သွားရုံပဲဆိုပြီး ပါသွားရင်းနဲ့မိုင်းသွားဆင်တာ။ သူရောက်တာမကြာသေးဘူး။ တစ်လကျော်ကျော်ပဲရှိသေးတယ်။”ဟု တပ်ပေါင်းစုအဖွဲ့မှ ခေါင်းဆောင်တစ်ဦးက People’s Springသို့ပြောသည်။
၎င်း၏ရုပ်အလောင်းအား ပြန်သယ်ခဲ့ပြီးကောင်းမွန်စွာသင်္ဂြုလ်ပေးခဲ့ကြောင်း၊ ယခုအချိန်ထိ ၎င်း၏မိသားစုနှင့်လည်းအဆက်အသွယ်မရသေးကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။
