KIA ဌာနချုပ်အနီး နမ့်ဆန်ယန်ရွာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်နယ်မြေနဲ့ နီးစပ်တဲ့ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ ညပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိပေမယ့် အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့တယ်လို့ ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နမ့်ဆန်ယန်ကို တံတားဦးမှ တက်လာတဲ့ စစ်ကောင်စီ တိုက်လေယာဉ် သုံးစီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် နွားသုံးကောင်သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးရုံးပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။၊ နမ့်ဆန်ယန်ဒေသမှာ ဇူလိုင် ၃ ရက်ကတည်းက KIAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အထိနာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူများမောင်းနှင်လာတဲ့စက်လှေ တိုက်ခိုက်ခံရ
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့နဲ့ ပျူစောထီးများမောင်းနှင်လာတဲ့ စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ခင်းက ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စု တဆားဂလက်ဝအနီးမှာ စစ်ကောင်စီရေတပ်သားများနဲ့ ပျူစောထီးများမောင်းနှင်လာတဲ့ စက်လှေတစ်စီးကို ကျွန်းစု-ပကဖ တပ်ဖွဲ့မှ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ချိန်မရလိုက်ဘဲ အဝေးရောက်မှသာ လက်နက်ငယ်နဲ့ တစ်ချက်၊ နှစ်ချက်ခန့် ပြန်လည်ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကျွန်းစု ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကော်လာဖိုးအဖွဲ့လက်ချက်ကြောင့် KNLAတပ်မှူးအပါအဝင် နှစ်ဦးကျဆုံး၊ ငါးဦး ဒဏ်ရာရဟု KNU ဗဟိုအတည်ပြု
ကရင်အမျိုးသားအစည်အရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေမှာ လှုပ်ရှားနေတဲ့ ကော်လာဖိုးဦးဆောင်တဲ့ ကော်သူးလေအာမီ(KTLA) လက်ချက်ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဗိုလ်မှူး တစ်ဦးနဲ့ ၎င်းရဲ့ တပည့်တစ်ဦးတို့ ကျဆုံးကာ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။ ဇူလိုင် ၁၉ ရက်က တပ်မဟာ(၄) ၊ KNLA တပ်ရင်း (၁၀)နယ်မြေမှာ ခရီးသွားလာနေတဲ့ KNLA ဗိုလ်မှူးအဆင့်ရှိသူပါသောအဖွဲ့ကို KTLAက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ KNU ဗဟိုပြောရေးဆိုခွင့်ရှိသူက ဖြစ်စဥ်ကို အတည်ပြုပေမယ့် ဖြစ်ပွားရတဲ့ အကြောင်းအရင်း အသေးစိတ် အခြေအနေကို ပြောဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ရဲချုပ်အပြောင်းအလဲပြုလုပ်၊ အာဏာသိမ်းပြီးနောက် သုံးကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်
စစ်ကောင်စီက ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်းရဲ့ နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကိုအစားထိုး ခန့်အပ်လိုက်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရဲချုပ်တာဝန်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီမီဒီယာက မနေ့ညက ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးပြီးချင်းမှာ ရဲချုပ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး ၂၀၂၂ မှာ နောက်ထပ် တစ်ကြိမ်ပြောင်းလဲခဲ့ကာ အခုအကြိမ်ပြောင်းလဲမှုမှာ သုံးကြိမ်မြောက် ရဲချုပ်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ရဲချုပ်ဟောင်း ဇင်မင်းထက်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်တာကို တွေ့ရပါတယ်။

မတ္တရာမှာ စစ်ကောင်စီတပ် လေးရက်ဆက်တိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် ခြောက်ဦးခန့် သေဆုံးဟုဆို
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို လေးရက်အတွင်း ငါးကြိမ်တိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးခန့် သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောပါတယ်။ ဇူလိုင် ၁၅ ရက်ကစလို့ တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုများ စစ်ကောင်စီတပ်ရဲ့ ယာဥ်များ ဆုံးရှုံးမှုရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားခဲ့တယ်လို့ဆိုပါတယ်။

ဟန်လင်းပျူမြို့ဟောင်းရှိ စစ်ကောင်စီတပ်ကို ဒရုန်းအပါအဝင် လက်နက်ကြီးများနဲ့ ပစ်ခတ် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချခြင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဝက်လက်မြို့နယ် ဟန်လင်းပျူမြို့ဟောင်းမှာ အင်အား (၄၀)ခန့်ဖြင့် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို PDF ဒရုန်းတပ်ရင်းမှ ဦးဆောင်ကာ ကျောက်ဆည်ခရိုင် တပ်ရင်း(၁)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၅)တို့ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးခြောက်လုံး၊ ရော့ကတ်လက်နက်ကြီး ရှစ်လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး ၇ ဦးခန့် အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ဂိတ်ကြေးကောက်ခံနေတဲ့ စိုက်ပျိုးရေးဒုဦးစီးမှူးကို လောင်းလုံး PDF ပစ်ခတ်
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ဂိတ်ကြေးကောက်ခံနေတဲ့ Non-CDM စိုက်ပျိုးရေးဒုဦးစီးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ ညပိုင်းက လောင်းလုံးမြို့နယ်မှ စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဒုဦးစီးမှူး ဦးသိန်းဦးဆိုသူကို လောင်းလုံးနယ် အောက်ပိုင်းလမ်းတစ်နေရာမှာ LLPDF ရဲဘော်များက ပစ်ခတ်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။ စိုက်ပျိုးရေးဒုဦးစီးမှူး ဦးသိန်းဦးဟာ ပြီးခဲ့တဲ့ ၁၀ ရက်ခန့်က လောင်းလုံးမြို့နယ် ညောင်ပင်လမ်းဆုံမှာ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနဲ့အတူ ပြည်သူများကို စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ LLPDF က ပြောပါတယ်။
