မြဝတီမြို့အနီးလက်ခတ်တောင်ရဲ့ အမြင့်ဆုံးတောင်ကုန်းအပါအဝင် တောင်ကြောတစ်ခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
မြဝတီမြို့နဲ့ ၇ မိုင်ခန့်သာ ကွာဝေးတဲ့ လက်ခတ်တောင်ရဲ့ အမြင့်ဆုံးတောင်ကုန်းအပါအဝင် တောင်ကြောတစ်ခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်တယ်လို့ မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။ မနေ့ညပိုင်း လက်ခတ်တောင်ရဲ့ အမြင့်ဆုံးတောင်ကုန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နေရာယူခဲ့ပြီး စစ်ကောင်စီတပ်က ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ တု့န်ပြန်ပစ်ခတ်ခဲ့ပေမယ့် တောင်ကုန်းများရှိ အရာရှိများ သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ သေဆုံးထိခိုက်မှုများစွာနဲ့ စခန်းစွန့်ခွာထွက်ပြေးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ တော်လှန်ရေးပူးပေါင်းတပ်ဘက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လိုင်ဇာအနီး လဂျားယန်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာဟု ကချင်သတင်းရင်းမြစ်ပြော
ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ လဂျားယန်ဒေသမှာ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်မှုများခဲ့တယ်လို့ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ ညနေပိုင်းက ဗန်းမော်မှ နမ့်ဆန်ယာန်ဘက်သို့ စစ်ကူလာတဲ့ ခလရ(၇၈)တပ်ရင်း စစ်ကြောင်းကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများခဲ့တယ်လို့ သတင်းရင်းမြစ်ပြောပြီး တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ အဆက်အသွယ် မရသေးပါဘူး။

လွိုင်ကော်မြို့နယ်၊ ပဒါးညေးရွာမှာ တိုက်ပွဲဖြစ်၊ စစ်တပ်က ဒေသခံပြည်သူများကို ဖမ်းဆီးပြီးလူသားဒိုင်းလုပ်
လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာ တိုက်ပွဲမှာ ဒေသခံပြည်သူများကို စစ်ကောင်စီက လူသားဒိုင်း အဖြစ်ဖမ်းဆီးအသုံးပြုနေတယ်လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ကူများစွာ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် ၁၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အသက် ၇၀ ကျော် အဘွားတစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ရွာထဲကျန်ခဲ့တဲ့ ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီက အသုံးပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။

MNDAA တိုင်းရင်းသားတပ်မဟာနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ MNDAAက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၈ ရက် နေ့ခင်းက လားရှိုး၊ မဂန်ရွာအနီးမှာ MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

KNU တပ်မဟာ(၆)နယ်မြေ ဇွန်လတိုက်ပွဲများအတွင်း ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ် ၄၆ ဦးသေ
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲကြီး (၅)ကြိမ်နဲ့ တိုက်ပွဲငယ်(၂၄)ကြိမ်အတွင်း ဗိုလ်မှူးကြီး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီး တစ်ဦး၊ နယ်ထိန်းရဲ အရာရှိ တစ်ဦး အပါအဝင် စစ်ကောင်စီဘက်က စုစုပေါင်း ၄၆ ဦး သေးဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

KNU မူးမြို့နယ်ရှိ စစ်ရှောင်ပြည်သူလူထု နေအိမ်များနဲ့ စပါးကျီများကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မူး(မုန်း)မြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များနဲ့ စပါးကျီများ၊ အခြားပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ-၇၇ နဲ့ နယ်ခြားစောင့်တပ်(B.G.F)တို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်ရောက်လာပြီး ဒေသခံပြည်သူလူထုများရဲ့ နေအိမ် ၂၇ လုံး၊ တဲ ၁၁ လုံးနဲ့ စပါးကျီ ၁၆ လုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ဆောထိ(ရွှေကျင်)မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ ရွှေကျင်မြို့နယ်မှာ ၆ ရက်အတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီနဲ့ ပျူစောထီး ၁၃ ဦးသေတယ်လို့ ဖော်ပြပါတယ်။

ယင်းမာပင်နယ် စုန်းချောင်းရွာကို စစ်တပ်စီးနင်း၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာရှိဒေသကာကွယ်ရေး (Local DF)တပ်ဖွဲ့ဝင် သုံးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆိပ်ဖြူနယ်အရှေ့ပိုင်း ကျေးရွာများကို စစ်တပ်က မြို့ပေါ်သို့ သွားလာခွင့်ပိတ်ပင်
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မြို့ပေါ် သွားလာခွင့်ပိတ်ကာ အဆက်အသွယ်ဖြတ်တောက်ထားတယ်လို့ ဒေသခံများက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဆိပ်ဖြူမြို့နယ်အရှေ့ပိုင်း၊ ယောချောင်းဘေးရှိ ကျေးရွာများကို မြို့ပေါ်သို့ သွားလာမှုမပြုနိုင်ဖို့ ကားနဲ့ ဆိုင်ကယ်များကို ဇူလိုင် ၁၂ ရက်မှစပြီး ပိတ်ပင်ထားတာလို့ ဒေသခံများက ပြောပါတယ်။ အခုအချိန်အထိ သွားလာခွင့်မပြုတဲ့အတွက် အဲဒီဒေသက ပြည်သူများ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး အခက်အခဲများဖြစ်ပေါ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြောင်မှာ စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းနဲ့ ဗုံးချတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိခဲ့ပြီး ဒရုန်းသုံးစင်းပျက်စီးကာ ရဲဘော်သုံးဦးလည်း ဒဏ်ရရှိခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ဒရုန်း ငါးစင်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပထမဒရုန်းနှစ်စင်းမှာ စစ်ဆင်ရေးအစီအမံ အားနည်းချက်ကြောင့် ပျက်စီးခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMမှ ကိုနွေဦး-မြောင်က ပြောပါတယ် လက်ကျန် ဒရုန်း သုံးစီးဖြင့် ဆက်လက်ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်မှုရှိတယ်လို့ သူက ဆိုပါတယ်။

