ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်၏ အဓိကစစ်ဆေးရေးစခန်းတစ်ခုဖြစ်သော ပန်းတင်တံတားဂိတ်ကို KIAတပ်ရင်း ၆ က ယမန်နေ့က တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
လုံးခင်းနှင့် ဖားကန့်ကြားရှိ ပန်းတင်ဂိတ်ကိုဇူလိုင်လ ၂၁ရက် နံနက် ၁နာရီ ၁၅မိနစ်ခန့်တွင် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင်လ ၂၂ရက်)ည သတင်းထုတ်ပြန်ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း ၆ က တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြထားသည်။
ပန်းတင်ဂိတ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး အများအပြားဒတ်ရာရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းနိုင်ခဲ့ပြီး ဂိတ်စခန်းကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီဂိတ်က ရဲကင်းရော စကစကင်းရော အင်အား ၄၀နဲ့ ၆၀ကြားရှိတယ်။ ပြည်သူတွေကို ခဏခဏအဖမ်းဆီးစစ်ဆေးတဲ့ဂိတ်။ ဒီဂိတ်ကို စီးနင်းတိုက်ခိုက်တာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖက်တွင် အထိအခိုက်များခဲ့သည်ဟု KIA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။
“သူတို့ဖက်က အရာရှိနှစ်ယောက်ထိတယ်။ တပ်သားတွေ တော်တော် ထိတယ်”ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
တိုက်ပွဲတွင် ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF မှ တပ်ဖွဲ့ဝင် နှစ် ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးကျဆုံးခဲ့ကြောင်းလည်းဒေသခံအချို့ကပြောသည်။
အဆိုပါ ဂိတ်သည် ရဲတပ်ရင်း ၂၈နှင့် စစ်ကောင်စီတပ်မ ၃၃ လက်အောက်ခံတပ်ရင်းများ တပ်စွဲထားသည့် ဂိတ်ဖြစ်သည်။တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူပေးနေသောကြောင့် ပြည်သူများထိခိုက်မည်ကို စိုးရိမ်၍ ဆုတ်ခွာပေးခဲ့သည်ဟု ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က ပစ်သောလက်နက်ကြီးကျည်သည်မှော်ဝမ်းရပ်ကွက်ရှိ ပေါ်ဦးသောက်ရေသန့်စက်ရုံထဲသို့ကျရောက်ပေါက်ကွဲရာ အသက် ၂၅ နှစ်အရွယ် ဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။
ဇူလိုင် ၂၁ ရက် ညနေပိုင်းတွင် စစ်ကောင်စီက အင်အားအများအပြားဖြင့်ရောက်ရှိလာပြီး ဖြတ်သန်းသွားလာသူများကို စစ်ဆေးနေကြောင်းဒေသခံအချို့ကပြောသည်။
