မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်နှင့် မတ္တရာပကဖအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်အုပ်စုအထိအခိုက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မတ္တရာ မြို့နယ်အရှေ့ပိုင်း၊ လမိုင်းအုပ်စု၊ ကြပ်ပြင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကိုမတ္တရာပကဖအဖွဲ့ကနှစ်ကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များက အနီးဆုံးနေရာအထိ ထပ်မံချဥ်းကပ်ပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့သည်ကို မျက်မြင် အတည်ပြုနိုင်ခဲ့သည်ဟု မတ္တရာပကဖအဖွဲ့ စစ်ရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီဘက်က သေနတ်အချက် တစ်ရာကျော်ခန့်၊ အီနာဂါ(၃)လုံး ၊ RPG-7 (၁)လုံးဖြင့် ပြန်ပစ်ခဲ့သော်လည်း ပကဖရဲဘော်များ စုမှတ်နေရာသို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း မတ္တရာပကဖအဖွဲ့က အသိပေးသည်။
ထိုကြပ်ပြင်ကျေးရွာရှိ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၃ နာရီက မတ္တရာမြို့မှ ထွက်ခွာလာပြီးနောက် ကင်းကျေးရွာ၌ တပ်စွဲခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့တွင် ကြပ်ပြင်ရွာသို့ ထပ်မံပြောင်းရွှေ့တပ်စွဲခဲ့ခြင်းဖြစ်သည်။

ထိုစစ်ကောင်စီတပ်ကို ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ၃ ရက်တိတိ လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မတ္တရာပကဖအဖွဲ့က ပြောသည်။
ထို့အပြင် ယနေ့(ဇူလိုင် ၉ ရက်)နံနက်ပိုင်းတွင် ထိုစစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား၂ဦးထပ်မံသေဆုံးကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

မတ္တရာပကဖအဖွဲ့ကလည်း မြောင်းသစ်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း မတ္တရာပကဖအဖွဲ့က ပြောသည်။
မြောင်းသစ်ကျေးရွာမှ ထွက်လာသော စစ်အုပ်စုကိုလည်း တံတားနက်တံတား တောင်ဘက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကွင်းအားပြန်လည်စစ်ဆေးချိန် သွေးကွက်များ တွေ့ရပြီး စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း မတ္တရာပကဖအဖွဲ့က ဆိုသည်။
စစ်အုပ်စု မြောင်းသစ်ကျေးရွာမှ ထွက်ခွာသွားပြီးနောက် ဝင်ရောက်စစ်ဆေးရာတပ်ကြပ်ကြီးယူနီဖောင်းတစ်စုံ၊ တပ်ကြပ်ယူနီဖောင်း နှစ်စုံ၊ တပ်မ၉၉ တံဆိပ်ပါ ယူနီဖောင်းတစ်စုံ၊ စစ်အသုံးအဆောင်နှင့် အခြားပစ္စည်းများအားကျေးရွာဘုန်းကြီးကျောင်းထဲမှ သိမ်းဆည်းရမိခဲ့ကြောင်း မတ္တရာပကဖအဖွဲ့ တာဝန်ခံက ပြောသည်။

“တပ်ကတော့သေတဲ့သူတွေရဲ့ယူနီဖောင်းတွေကို စွန့်ပစ်တတ်တာများပါတယ်။ ထမ်းစင်မှာအလောင်းတစ်လောင်းပါသွားတယ်။ ကျန်တဲ့အလောင်းတွေကိုတော့ မြောင်းသစ်သုဿန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့သတင်းရတယ်။”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ မတ္တရာအရှေ့ပိုင်းနယ် ချောင်းမကြီး အရှေ့ဘက်ပိုင်းတွင် စစ်သားများ မရှိတော့ဘဲချောင်းမကြီးအနောက်ဘက်ရှိ ရှားစေးချက်ကျေးရွာတွင် (၄၀)ခန့် ကျန်ကြောင်း၊ ကျန်စစ်အုပ်စုသည် ကျောက်တံတားကျေးရွာ နှင့် ငါးလုံးပြွန်ကျေးရွာသို့ ပြောင်းရွှေ့တပ်စွဲထားကြောင်း သိရသည်။
မတ္တရာနယ် အရှေ့ပိုင်းတွင်သာမက အနောက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဘက်ခြမ်းနှင့် ထိဆက်နေ၍ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
