ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်ကြားတွင် ယမန့်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။
စစ်ကောင်စီတပ်နှင့်ချင်းကာကွယ်ရေးတပ်ဖွဲ့များကြားဇူလိုင် ၈ ရက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှစ်ကြိမ်ပေးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များကပြောသည်။
“လေကြောင်းတိုက်ခိုက်မှုကောလက်နက်ကြီးပစ်ကူကောပေးခဲ့တာ။ ဒီနေ့မနက်တော့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်”ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
သီတာကျေးရွာတွင်တပ်စွဲထားသည် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီတပ်မှ အလောင်း ၆ လောင်းကိုတွေ့ရှိခဲ့ရကြောင်းပြောသည်။

စစ်ကောင်စီတပ်မှသေဆုံး၊ဒဏ်ရာရမှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးသော်လည်း ကြည့်ရှုခွင့်ရသောပုံအရ စစ်သားရုပ်အလောင်းအချို့ ၊သေနက် ၄ လက် နှင့်ကျည်များကိုချင်းပူးပေါင်းတပ်ကသိမ်းဆည်းရရှိသည်ကိုတွေ့ရသည်။စစ်သားရုပ်အလောင်းအချို့ပုံကို People’s Spring တယ်လီဂရန်တွင် ကြည့်ရှုနိူင်ပါသည်။

တိုက်ပွဲအပြီးယနေ့ (ဇူလိုင် ၉ ရက်)တွင်နယ်မြေရှင်းလင်းရေးပြုလုပ်ရာစစ်သားရုပ်အလောင်းအချို့နှင့် စစ်ကောင်စီတပ်သားများ ကျန်ခဲ့သည့် သေနတ် ၄လက်၊ ကျည်ဆံများနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိသည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။
အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လကတည်းကစ၍ ထန်တလန်ကို ထိုးစစ်င်လာရာ ချင်းပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။
