စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသမှ စာသင်ကျောင်းအား မီးရှို့ရာတွင်ပါဝင်သော ပျုစောထီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိပြီးနောက် ၎င်းကထုတ်ဖော်ဝန်ခံထားသည့် ရုပ်သံမှတ်တမ်းကို တောင်တွင်း-မင်းကင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDFက ယနေ့ ထုတ်ပြန်သည်။
တောင်တွင်းဒေသမှ ကြာပင် အ.ထ.က စာသင်ကျောင်း ၂၀၂၁ ဇွန်လ ၆ ရက် မီးရှို့ခံခဲ့ရပြီး ပျက်စီးသွားခဲ့သည်။ ယင်းအချိန်က မီးရှို့ရာတွင် ပါဝင်ခဲ့သော ပျူစောထီးတစ်ဦးကို ပြီးခဲ့သည့်ဇွန်လ၂၈ရက်က စစ်ဆင်ရေးတစ်ခုတွင် ကလေးမြို့ UGနှင့်TDPDFက ဖမ်းမိခဲ့သည်။ အောင်ဒုန်းဟုအမည်ရသည့် အဆိုပါပျုစောထီးက ကြာပင် စာသင်ကျောင်းအား မီးရှို့ရာတွင် ပူးပေါင်းကြံစည်သူများ၊ ငွေကြေးထောက်ပံ့သူများ၏ အမည်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးထားသည်ကို တွေ့ရသည်။

” ဒီကျောင်းကြီးက တောင်တွင်းဒေသရဲ့ အဓိကကျောင်းကြီး။ မီးလောင်တော့ PDF လက်ချက်လို့ စစ်အုပ်စုက သတင်းလွှင့်ခဲ့သေးတယ်”ဟု တောင်တွင်းဒေသခံတစ်ဦးက ပြောသည်။
” ကြာပင်ကျောင်းကြီး မီးရှို့ခံလိုက်ရပြီလို့ ကြားသိလိုက်ရတဲ့နေ့ကဆို ကျနော်တို့တောင်တွင်းသူ၊သား အများစုဟာ များစွာစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ကျနော်တို့အများစုဟာ အဲ့ဒီကျောင်းကြီးရဲ့အရိပ်မှာ ပညာတွေသင်ကြားရင်း လူငယ်ကျောင်းသားဘဝတွေကိုဖြတ်သန်းခဲ့ကြရတာမို့ သံယောဇဥ်ကိုယ်စီရှိကြပါတယ်။ဒါကြောင့်လည်း ကျောင်းကြီးမီးရှို့မှုဖြစ်ပွားချိန်က မည်သူမည်ဝါ အတိကျမသိခဲ့ကြပေမယ့် အားလုံးရဲ့စိတ်ထဲမှာ နှမြောဒေါသထွက်ခဲ့ကြရပါတယ်”ဟု TDPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြစ်မှုကျူးလွန်သူများအား နောင်တချိန်တွင် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
