ရက္ခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA) ဒုဥက္ကဋ္ဌခိုင်နီရောင်အပါအဝင် သုံးဦးအား သတ်ဖြတ်ခဲ့သည့် အဖွဲ့အစည်းမှာ ရက္ခိုင့်တပ်တော်(ULA/AA)တပ်ဖွဲ့ဖြစ်သည်ဟု ALPက ထုတ်ပြန်သည်။
ALP/ALA စစ်ဦးစီးချုပ် ခိုင်စိုးမြအပါအဝင် သုံးဦး ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဇန်နဝါရီ ၄ရက်က လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ၆လအကြာ ယမန်နေ့ ဇူလိုင် ၁ရက်တွင် ALP ဒုဥက္ကဋ္ဌ အပါအဝင် သုံးဦး စစ်တွေမြို့၌ပင်ထပ်မံ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်။
ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ ALAအမှတ်(၁၀၁) တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ကို AA က ရည်ရွယ်ချက်ရှိရှိဖြင့် စစ်တွေ တက္ကသိုလ် ကျောင်းရှေ့ တွင် လုပ်ကြံချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ALPက ထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ရခိုင်လူမျိုးများအကျိုးအတွက်လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများ အချင်းချင်း ကြားတွင် ULA/AAက စဉ်ဆက်မပြတ် ပြုခဲ့သော ယခုကဲ့သို့ အပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့် မလုပ်အပ်သော အပြု အမူဖြစ်ကြောင်း ထုတ်ပြန် ကာ ပြင်းထန်စွာ ရှုတ်ချလိုက်သည်ဟု ဖော်ပြခဲ့သည်။
“ဟိုဘက်က(ALP)တော့ ဒီဘက်ကပစ်တယ်လို့ ပြောတယ်လို့ကြားတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းကမှ တရားဝင်မပြောတော့ အဲဒီလောက်ပဲသိတယ်” ဟု ရခိုင်ဒေသခံတစ်ဦးကပြောသည်။
ALP ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။ AA ဘက်က တစုံတရာ ထုတ်ပြန်ကြေညာခြင်းလည်း မရှိသေးပေ။
စစ်တွေမြို့တွင် ဇန်နဝါရီလက စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနား တက်ပြီး ပြန်လာသည့် ALP/ALA စစ်ဦးစီးချုပ် နှင့် တပ်မှူး ၂ဦး သတ်ဖြတ်ခံရစဉ်ကလည်း AA၏ လက်ချက်ဖြစ်သည်ဟု ALPက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် AAက ထိုသို့စွပ်စွဲချက်မှာ အခြေအမြစ်မရှိကြောင်း တုံ့ပြန်ခဲ့ပြီး ALP အချင်းချင်းကြား နှစ်ဖွဲ့ကွဲပြီး သဘောထား ကွဲလွဲနေခြင်းများ၊ အာဏာ ငွေကြေးဆိုင်ရာ ပဋိပက္ခများ ရှိနေသည်ဟု AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။
ALP သည် စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် အဖွဲ့တစ်ခုဖြစ်သကဲ့သို့ အဖွဲ့တွင်းသဘောထားကွဲလွဲမှုကြောင့် နှစ်ဖွဲ့ကွဲနေသည်။ ယခုလုပ်ကြံခံရသည့် ALP အဖွဲ့ကို ဒေါ်စောမြရာဇာလင်း ဦးဆောင်နေခြင်းဖြစ်ပြီး ၎င်းအဖွဲ့သည် စစ်ကောင်စီနှင့်ဆွေးနွေးမှုများလုပ်ဆောင်နေသည်။
