▪︎“စစ်ကောင်စီကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ အင်အားလည်း ကြီးထွားလာတာပေါ့လေ။ ဒါက ကျနော်တို့မျှော်လင့်ထားတဲ့ အရာတစ်ခုပါပဲ” -ကရင်နီစစ်ရေးသတင်းရင်းမြစ်
▪︎စစ်ကောင်စီတပ်က KNPLF ဌာနချုပ်ကို လေကြောင်းမှဗုံးကြဲတုံ့ပြန် ၊တိုက်ပွဲများဆက်လက်ဖြစ်ပွား
ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ(KNPLF)မှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) အဖြစ် အသွင်ပြောင်းထားသည့် တပ်ရင်း ၂ ခုသည် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း၍ စစ်ကောင်စီကို ပ့န်လည်တိုက်ခိုက်နေခြင်းမှာ သေချာသလောက်ရှိနေပြီဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နီးစပ်သည့် သတင်းရင်းမြစ်အချို့က ပြောသည်။
မယ်စဲ့မြို့နယ် ပန်တိမ်းမြို့ အခြေစိုက် BGF (၁၀၀၄) တပ်နှင့် ဘောလခဲမြို့နယ် ရွာသစ်မြို့ အခြေစိုက် BGF(၁၀၀၅) တပ်တို့ သည် ယခုဇွန်လ အတွင်း တော်လှန်ရေးအင်အားစုများ မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်နှင့်အတူ တော်လှန်ရေးအင်အားစုများဘက်သို့ ပူးပေါင်းလိုက်ခြင်းဖြစ်သည်ဟုသိရသည်။
ဇွန်လ ၁၃ရက်တွင် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ခုနှင့် မယ်စဲ့ရဲစခန်းတို့အား တိုက်ခိုက်သိမ်းပိုက်သောတိုက်ပွဲတွင် KNPP လက်အောက်ခံ ကရင်နီတပ်မတော်(KA)၊ KA၏ စစ်ရေးဦးဆောင်မှု အောက်ရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ယခင်က KNPPမှ ခွဲထွက်ထားပြီး BGF ဖွဲ့စည်းမှုလုပ်ဆောင်ခဲ့သည့် ကလလတ(KNPLF)၊ နယ်မြေချင်း ဆက်စပ်နေပြီး KAနှင့် စစ်ရေးမဟာမိတ်ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု KNPP နှင့်နီးစပ်သူအချို့ကပြောသည်။

“ကလလတမှာက သူတို့ BGF တပ်ရင်း ၂ရင်းရှိတယ်။ BGF တပ်ရင်း ၂ရင်းကျတော့ ၁၀၀၄ တပ်ရင်းက တိုက်ပွဲဖြစ်တာနဲ့ကို တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းလိုက်တာပေါ့။ ၁၀၀၅ စခန်းက မယ်စဲ့မြို့နယ်ထဲမှာ မဟုတ်ဘူး ဟိုး ရွာသစ်မြို့ ဘောလခဲမြို့နယ်ထဲမှာရှိတယ်။ နောက်ပိုင်း သတင်းထွက်လာတာက ၁၀၀၄၊ ၁၀၀၅ က လက်နက်ကိုင်တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းလိုက်ပြီကြားတယ်”ဟုစစ်ရေးသတင်းရင်းမြသ်တစ်ဦးကပြောသည်။
အဆိုပါပူးပေါင်းအဖွဲ့ကို 4K ဟုလည်းလည်းဒေသခံများကခေါ်နေကြသည်။
KNDF တာဝန်ရှိသူတစ်ဦးကလည်း “မယ်စဲ့ တိုက်ပွဲမှာ 4K အနေနဲ့ တိုက်တာ မှန်တယ်။ဒါပေမယ့် တရားဝင်သတင်းထုတ်ပြန်ဖို့ အချိန်မကျသေးလို့ပါ။အတိအလင်းပြောလို့ရတာ KNDF နဲ့ KA ပါ တယ်”ဟု လူထုနွေဦးသို့ ရှင်းပြသည်။
နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းထားသည့် ကလလတ -KNPLF တပ်ရင်း ၂ရင်းရှိရာ နှစ်ရင်းလုံးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလိုက်ပြီဟု ကြားရကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။
“ကြားရတာကတော့ BGF တွေအားလုံးက တော်လှန်ရေး တပ်ပေါင်းစုနဲ့ ပူးပေါင်းသွားပြီ အဲဒီလို ကြားတော့ ဒါက ကောင်းတဲ့ လက္ခဏာပေါ့နော်။ အင်အားကြီးတစ်ခု စည်းလုံးညီညွတ်မှုတစ်ခု ဖြစ်ပါတယ်။ နောက်စစ်ကောင်စီကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ အင်အားလည်း ကြီးထွားလာတာပေါ့လေ။ ဒါက ကျနော်တို့မျှော်လင့်ထားတဲ့ အရာတစ်ခုပါပဲ” ဟု KNPP နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ကလလတ အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း တိုက်ပွဲဝင်မှုကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်းမေးမြန်းစုံစမ်းချက်များအရ BGF တပ်ရင်း ၂ခုလုံး တောင်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းလိုက်ပြီဆိုသည့် သတင်းမှာ သေချာသလောက်ရှိပြီဟုအခြားသတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။
ကလလတသည် ၁၉၉၄ တွင် စစ်တပ်နှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ပြီး ၂၀၀၉ တွင်နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်ခံခဲ့သည့်အဖွဲ့ဖြစ်သည်။စစ်တပ်အာဏာသိမ်းစက ပြည်သူလူထုများငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့စဉ် ကလလတတပ်ဖွဲ့ဝင်များသည် ဆန္ဒပြပြည်သူများကို အကာအကွယ်ပေးခဲ့သည်။ ကလလတ အနေဖြင့် စစ်ကောင်စီတပ်၏ အာဏာသိမ်းယူမှုအပေါ် လုံး၀ဆန့်ကျင်ရှုတ်ချကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည့်အပြင် ၂၀၂၁ ဒီဇင်ဘာလက ဖရူဆိုမြို့နယ်၌ ကလလတ တပ်ဖွဲ့ဝင် ၄ဦးနှင့် ဒေသခံ ရွာသား ၃၅ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ကြေညာချက်ထုတ်ပြန်ထားသည့်အဖွဲ့ဖြစ်သည်။
“ကျန်တဲ့အဖွဲ့အစည်းက ရှိပါတယ် KNSO တို့ KNLP တို့။ သူတို့လည်း သူ့ဟာသူ တိုက်ပွဲဝင်နေပြီလား မသိဘူးပေါ့နော်” ဟု KNPP နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
အခြား ကရင်နီဒေသခံ သတင်းရင်းမြစ်တစ်ဦးကလည်း ကလလတ အောက်ခြေတပ်ဖွဲ့ဝင်များအနေဖြင့် နဂိုရ်ကတည်းက နွေဦးတော်လှန်ရေးအတွက်တစ်ဖက်တလမ်းမှ ကူညီနေကြောင်း ပြောသည်။
“အပေါ်က ခေါင်းဆောင်တွေဘာပဲ ပြောပြောကလေးတွေက KNDFထဲမှာ KA ထဲမှာ အကုန်ရောက်နေတာပဲ။ သူတို့ ဆွေမျိုးတွေလည်း အကုန်ထိခိုက်နစ်နာတာကိုး”ဟု ၎င်းက ဆက်ပြောသည်။

▪︎စစ်ကောင်စီက KNPLF ကိုလေကြောင်းမှတိုက်ခိုက်တုံ့ပြန်မဲစဲ့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က KNPLF ဌာ
နချုပ်ရှိရာ ဟိုစဲ့နယ်မြေကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇွန်လ ၁၇ ရက်က ကရင်နီပြည်နယ်၊မယ်စဲ့မြို့ရှိ (KNPLF) ဌာနချုပ်နေရာ ကို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အဆောက်အဦး များထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟုသိရသည်။
“လူထိခိုက်မှု ကြီးကြီးမားမားမရှိဘူး။လေကြောင်း တိုက်ခိုက်မှုလာမှာ ဆိုတာ သိထားတော့ နေရာရွှေ့ထားတာလို့သိရတယ်။ ကျန်ခဲ့တဲ့ အဆောက်အဦးတွေတော့ ပျက်စီးသွား တယ်”ဟု KNPLF နှင့် နီးစပ်သူတစ်ဦးက လူထုနွေဦး သို့ပြောသည်။
လေကြောင်း တိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများ၌ ကလလတ ဂိတ်အချို့ထိခိုက်မှုရှိခဲ့သည်ဟုသိရသည်။
“ဖားဆောင်းကြဲတော့ ကလလတပေါ့ ဗိုလ်မှူးထွန်းရွှေရဲ့ ရွာသစ်တစ်ခုတည်တယ်လေ ဖာဆောင်းအရှေ့ဘက် မယ်စဲ့သွားလမ်းမှာ အဲဒီ စခန်းဂိတ်တွေဘာတွေထိတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောပြသည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ရှိ ကယန်းပြည်သစ်ပါတီ(KNLP) ဂိတ်စခန်းများကိုလည်း တိုက်ခိုက်ခဲသည်ဟုသိရသည်။
ကလလတ ဌာနချုပ် အဖြစ်ရှိခဲ့သည့်ဟိုစဲ့ဒေသတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ အဓိကနေထိုင်ကြပြီး ယခု ထပ်မံ၍ တိမ်းရှောင်နေကြရသည်ဟု KNPP နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“တကယ်တန်းပြောရင် ကလလတ ဌာနချုပ်က ဟိုးအရင်တုန်းက ကလလတ ဌာနချုပ်၊နွေဦးတော်လှန်ရေး စဖြစ်တာမှာ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ကြတော့၊ ဒီးမော့ဆို ၊ ဖရူဆို၊ လွိုင်ကော်နဲ့ မိုးဗြဲမှာ တိုက်ပွဲဖြစ်လို့ ပြေးစရာမရှိတော့ အဲဒီနယ်(ဟိုစဲ့)မှာ နဂိုရ်ကတည်း စစ်ရှောင်တွေ အဲဒီမှာလာပုံနေကြတာ။ သူတို့ ခန့်မှန်းပြောတာက ၂၀၀၀ လောက်တော့ ရှိထားနှင့်ပြီးသား”ဟု၎င်းကဆက်ပြောသည်။

▪︎စစ်ကောင်စီ ဝန်ထမ်းများအပါအဝင် မယ့်စဲတစ်မြို့လုံးထိုင်းနယ်စပ်သို့စစ်ဘေးရှောင်
အဆိုပါ ဟိုစဲ့ဒေသနေ ပြည်သူများနှင့် မယ်စဲ့ဒေသခံများ အနေဖြင့် တိုက်ပွဲဖြစ်ပွားမှု ၊ စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် နယ်စပ်ဒေသ၊ တောတောင်များနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ဒေသခံများသာမက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ၊ ရဲမိသားစုဝင်များလည်း စစ်ရှောင်နေကြရကြောင်း ဒေသခံအချို့ကပြောသည်။
“ပြေးလာတဲ့ သူတွေကတော့ သူတို့ ပြောတာ မယ်စဲ့မြို့က နေလို့မရတော့ပါဘူး မြို့က ပျက်ပါပြီ။ ကျန်ရင်လည်း စစ်ကောင်စီတပ်ဖွဲ့တွေပဲ ကျန်တာပေါ့။ ဌာနဆိုင်ရာ ဝန်ထမ်းတွေက အစ ပညာရေး၊ ကျန်းမာရေး နောက် ရဲမိသားစုတွေက အစ အကုန်လုံးပေါ့ ဌာနဆိုင်ရာ အကုန်လုံး ပြေးပါပြီတဲ့။” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် ထိုင်းဘက်သို့တိမ်းရှောင်သူဦးရေ ၄၀၀၀ ကျော်ရှိပြီး ပြည်တွင်း၌ တိမ်းရှောင်နေသူများလည်းရှိကြောင်း ကရင်နီသတင်းရင်းမြစ်က ပြောသည်။
“ပန်တိန်း ဘက်မှာက တိုက်ပွဲက ဖြစ်နေတုန်းလို့ ပြောလို့ရတယ်။အဲဒီဘက်မှာလည်း ဗုံးကျဲခံရတာတွေရှိ နေတယ်။ဒေသခံတွေအကုန်လုံးကတော့ ထိုင်ဘက်ခြမ်း ကို ရှောင်ပြီးသွားပြီ။ပျက်စီးတဲ့နေအိမ် စာရင်းကတော့ အသေးစိတ်မသိရသေးဘူး”ဟု မယ်စဲ့မြို့တွင်း စစ်ရှောင်ကူညီနေသူတစ်ဦးက People’s Spring သို့သည်။
စစ်ကောင်စီတပ်က စစ်ရေးဖြည့်တင်းမှုများလုပ်ဆောင်နေသကဲ့သို့ ကရင်နီပူးပေါင်းတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ပြင်ဆင်ထား၍ မယ်စဲ့အပါအဝင် ကရင်နီဒေသ၌ တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ကရင်နီ စစ်ဘက် သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်။
