အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အဖွဲ့အစည်းအကြား ရှိထားပြီးသော အပြန်အလှန်ယုံကြည် လေလးစား၊ တန်ဖိုးထားမှုများကို ပိုမိုခိုင်မြဲအဓွန့်ရှည်စေရေး အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLDက ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့ကကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည့်၏ (၇၈)နှစ်မြောက်မွေးနေ့ အခမ်းအနားသို့ KIO ဗဟိုကော်မတီမှ ဆုတောင်းမေတ္တာစာပေးပို့ခဲ့မှု အပေါ် ယခုကဲ့သို့ NLDက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၁က လိုင်ဇာ၌ ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနား မှတ်တမ်း၊ လက်မှတ်များပေးပို့လာသည့်အတွက် ကြည်နူးဝမ်းမြောက်ကြောင်း NLDက ထုတ်ပြန် သည်။
ထိုသို့ ဆုတောင်းမေတ္တာစာပို့သခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ ကျင်းပမှု မှတ်တမ်းများ ပေးပို့ခြင်း တို့မှ ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပေးသည့် သဘောမျိုး ဖြစ်ကြောင်း KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ပြောသည်။
