ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား ၆ဦး ဒဏ်ရာရခဲ့ကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။
မေလ ၃၁ရက်ညပိုင်းက စစ်ကောင်စီ၏ ကျိုက်ထိုအခြေစိုက်(တပ်မ၄၄)လက်အောက်ခံ (ခလရ-၂)မှ လက်နက်ကြီးပစ်ခတ်ခဲ့၍ လှည်းလမ်းကူးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်ခဲ့သည်ဟု ဆိုသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် ကလေးငယ်သုံးဦးပါဝင်ကြောင်း ဖော်ပြထားသည်။လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သူများအား ကျိုက်ထိုဆေးရုံသို့ ကနဦး ပို့ဆောင်ထားသည်ဟု ဆိုသည်။
ဒေသတွင်း စစ်ရေးအခြေအနေနှင့် စစ်ကောင်စီတပ်၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KNU တပ်မဟာ(၁)တာဝန်ရှိသူ အချို့ထံ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။
ကျိုက်ထိုအခြေစိုက် (တပ်မ-၄၄)လက်အောက်ခံတပ်များမှ ကျိုက်ထိုမြို့နယ်အတွင်းသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထုများမှာ နေ့ရောညပါ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုနှင့်ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုများ ၊ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း၊ စစ်ကောင်စီတပ်များမှ လူ့အခွင့်ရေးကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း KNUက ထုတ်ပြန်သည်။
KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
