ထားဝယ်မြို့နယ်၊ အရှေ့တောဒေသသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ခရီးသွားပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်းထားဝယ်စုပေါင်းစစ်ကြောင်း(DCC)မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
မေ ၃၁ ရက်နံနက်ပိုင်းတွင် အင်အားအများအပြားဖြင့်ရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် အရှေ့တောဒေသရှိ သင်္ကန်းတုံးကျေးရွာအနီးရောက်လာပြီးနောက်တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ထိုသို့လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ခရီးသွားပြည်သူတစ်ဦးသေဆုံးပြီး ဒေသခံပြည်သူ ၂ ဦးဒဏ်ရာရခဲ့သည်။
ထို့အပြင်သင်္ကန်းတုံးကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူ့နေအိမ် ၁၁ လုံးအားမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ခုနစ်လုံးမှာ လုံးဝပြာကျသွားခဲ့သည်။


ထို့ကြောင့်ထားဝယ်စုပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်းသင်္ကန်းတုံးရွာမှပြည်သူအချို့ကို ဓားစာခံဖမ်းဆီးထားကြောင်းသိရသဖြင့် ပြည်သူထိခိုက်မည်စိုးကာ မစ်ရှင်ဖျက်သိမ်းခဲ့ရသည်ဟုအထက်ပါ တာဝန်ရှိသူကဆိုသည်။
“ပစ်ဖို့ကျွန်တော်တို့စစ်ကြောင်းကသွားတယ်။ ခဏနေတော့ ဖုန်းဝင်လာတယ်။ ရွာသားတွေဖမ်းခံ ထားရတယ်လို့ သတင်းပို့လာတယ်။ ဓားစာခံ ဖမ်းဆီးခံရတာ ၂ ယောက်၊ ဒဏ်ရာရတာက ၂ ယောက်ရှိတယ်ဗျ”ဟု ထားဝယ်စုပေါင်းစစ်ကြောင်း(DCC)မှ တာဝန် ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် ထားဝယ်နယ် အရှေ့တောဒေသသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာ ကြိုတင်ရှောင်ရှားထားကြရန် ထား ဝယ်စုပေါင်းစစ်ကြောင်းက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်သည်ထားဝယ်မြို့နယ်အတွင်းယခုရက်ပိုင်း အင်းအားတို့ချဲ့ခြင်း၊ ပြည်သူများအား အကြောင့်မဲ့ဖမ်းဆီးခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများအားမကြာခဏပြုလုပ်နေကြောင်း ဒေသခံနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။
