မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဒေသကာကွယ်ရေး PDFအဖွဲ့များ၏ လက်နက်ခဲယမ်းများအား ဖမ်းဆီးခဲ့သည့် အင်ပင်စစ်ဆေးရေးဂိတ်အား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Anyar Eagles၏ ပြောရေးဆိုခွင့်ရှိသူ Joe Black က ပြောသည်။
ယမန်နေ့ (ဇွန်လ ၁ ရက်) နံနက် ၁၂နာရီခန့်မှ နေ့လည် ၃နာရီခန့်အထိ စစ်ကောင်စီ၏ အင်ပင်စစ်ဆေးရေးဂိတ်အား ဒရုန်းများဖြင့် ဗုံးသီးအလုံး ၂၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း Anyar Eagles၏ ပြောရေးဆိုခွင့်ရှိသူ ကိုJoe Black က ပြောသည်။
“ပခုက္ကူနဲ့ ငါးမိုင်လောက်ဝေးပါတယ်။ ကျွန်တော် တို့ နေရာတွေခွဲပြီး ဒရုန်းတွေလွှတ်တာပါ။ ပြီးခဲ့တဲ့ ကျွန်တော်တို့ ဆုံးရှုံးမှုအားလုံး ဖမ်းတာ။ သုံးကောင် ဂန့်တယ်။ အလုံးရေများစွာကြဲတာ။ အထိအခိုက်များမယ် မှန်းတယ်”ဟု ကိုJoe Black က ပြောသည်။
အင်ပင်စစ်ဆေးရေးဂိတ်သည် မေလ ၂၃ ရက်မှ ၂၇ ရက်အတွင်း PDF အဖွဲ့များ၏ လက်နက်ခဲယမ်းများ စစ်ဆေးဖမ်းဆီးခဲ့၍ ကျပ်သိန်းငါးရာကျော်ဖိုး ဆုံးရှုံးခဲ့ပြီး ထိုအတွက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယင်းတိုက်ခိုက်မှုအား Anyar Eagles နှင့် Earthquake PDF၊ မြိုင် ပကဖ၊ RDF(Royal Defence Force)၊ Black Cheetah၊ Hero New GZ၊ PPDF(ပခုက္ကူ People defence force)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)MOD၊MFDF(Myaing Fighter Defence Force)၊ MSPDF (Myaung Special People Defence Force)၊ ကျားသစ်နက် အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
မေလ ၃၀ ရက်ညက ၁၀ နာရီခွဲခန့်ကလည်း အဆိုပါ အင်ပင်ရွာစခန်းမှ စစ်ကောင်စီတပ်သည် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကိုင်းကျေးရွာအား ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
