ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် စစ်တပ်ထောက်ခံသူ ၊ မဘသအဖွဲ့ဝင် ၊အဆိုတော် ဒေါ်လီလီနိုင်ကျော် ယနေ့ (မေလ ၃၀) ညပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
ယနေ့ည ၇ နာရီဝန်းကျင်တွင် ဒေါ်လီလီနိုင်ကျော်သည် ရန်ကင်းမြို့နယ်ရှိ ၎င်း၏နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ဆေးရုံ၌ အရေးပေါ်ကုသမှု ခံယူနေစဥ် သေဆုံးခဲ့ကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
“သူ့အိမ်ကို ပြန်လာတဲ့အချိန် အိမ်ရှေ့ကနေ သေနတ်နဲ့ စောင့်ပစ်ခံရတာလို့ သိရတယ်။ မျက်နှာနဲ့ နားထင်ကို သေနတ်မှန်သွားတာပါ။ အခြေအနေက တော်တော်ဆိုးပါတယ်။ အခုဆေးရုံကို ပို့ပြီး အရေးပေါ်မှာ ကုသနေတုန်း သေသွားပြီလို့ သိရတယ် ” ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်လီလီနိုင်ကျော်သည် အမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်သော မဘသအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၊စစ်တပ်အားအမာခံ ထောက်ခံသူ ဖြစ်ကာ တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်အလက်များကိုလည်း စစ်တပ်ထံ သတင်းပေးတိုင်ကြားနေသူဖြစ်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။


“သူ့ကို မျက်နှာကို တည်ပစ်သွားတာ။ ကျည်က မေးရိုးကို ဖောက်ဝင်သွားတယ်တဲ့။အခု သူတို့အိမ်မှာ လူတွေအများကြီးရောက်နေတယ်” ဟု ပြည်သူတစ်ဦးကလည်းပြောသည်။
ကားပေါ်မှ ဆင်းရန်ပြင်ဆင်နေစဥ် အနီးကပ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခံရရာ တစ်ချက်က ချက်ကောင်းကိုထိသွားခြင်းဖြစ်ကြောင်း သိရသည်။
“စခတွေဘက်ကသတိပြန်လည်ပြီလို့ရေးနေပေမယ့် ည ကိုးနာရီမထိုးခင်သိရတာက သေပြီလို့ကြားတယ်” ဟု ဒေသခံသတင်းများဖော်ပြပေးနေသည့် အဖွဲ့တစ်ဖွဲ့ကလည်းပြောသည်။
မဘသလှုပ်ရှားမှုများတွင် ကိုယ်တိုင်ပါဝင်သူဖြစ်သည့်အပြင် စစ်တပ်ထိပ်ပိုင်းအရာရှိအချို့နှင့်နီးစပ်သူလည်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းပြီးစက စစ်ကောင်စီက CNN သတင်းဌာနကိုဖိတ်ခေါ်၍ ပြည်တွင်းသတင်းယူခွင့်ပေးရာတွင် ဒေါ်လီလီကျော်နိုင်ကို သာမာန်ပြည်သူဟုဆိုကာစစ်ကောင်စီက CNN သတင်းထောက်ကို အင်တာဗျူးစီစဥ်ပေးခဲ့သေးသည်။
အဆိုပါတိုက်ခိုက်မှုကို မည်သည့် အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း လူထုနွေဦးအနေဖြင့် အတည်မပြုနိုင်သေးပေ။


၎င်းသည် စစ်တပ်ထောက်ခံသည့် အနုပညာရှင်များအနက် ပထမဆုံးအသက်သေဆုံးသည်အထိ တိုက်ခိုက်ခံရသူဖြစ်လာသည်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရန်ကင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီကားများ လှည့်လည်စစ်ဆေးနေပြီး ယနေ့ညပိုင်း၌ ဧည့်စာရင်း သတိပြုကြရန်လည်း ရပ်ကွက်နေပြည်သူအချို့က ပြောသည်။
” ဒေါ်လီလီနိုင်ကျော် ကိစ္စ ဖြစ်ပြီးတော့ ရပ်ကွက်ထဲမှာ စစ်ကားတွေ တောက်လျှောက်ပတ်နေတယ်။ ဒီည ဧည့်စာရင်း စစ်မယ်လို့လည်း ကြားပါတယ်။ လမ်းထဲက ကလေးတွေကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ဖို့ သတိပေးထားတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
မေ ၂၆ ရက်ကလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မဘသအဖွဲ့ဝင် ဦးတင့်လွင်ဆိုသူ သေ နတ်ဖြင့်ပစ်ခံရ၍ သေဆုံးခဲ့သေးသည်။
