တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီကိုယ်စားလှယ်များ ဇွန်လ ၁ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲ ကျင်းပရန်စီစဉ်ပေးသည့် မိုင်းလားအဖွဲ့(NDAA)က သတင်းထုတ်ပြန် သည်။
အဆိုပါ ဆွေးနွေးပွဲကို မိုင်းလား၌ ပြုလုပ်မည်ဖြစ်ရာ MNDAA၊TNLAနှင့် AA ကိုယ်စားလှယ်များသည် မိုင်လားသို့ ယနေ့ (မေလ ၃၀ရက်)က ရောက်ရှိလာပြီဟု ဖော်ပြသည်။

ထို့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကော့ပေါင်သည်လည်း ဆွေးနွေးပွဲကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ရန် မိုင်းလားမြို့သို့ ရောက်ရှိနေပြီဟု အသိပေးသည်။
အဆိုပါ ဆွေးနွေးပွဲအတွက် နေထိုင်စားသောက်မှုနှင့် လုံခြုံရေးများကို မိုင်းလားအဖွဲ့က တာဝန်ယူမည်ဟု ဆိုသည်။


“တရုတ်က သူ့သြဇာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို သူ့မူအတိုင်း ကျင့်သုံးအောင် ဖိအားပေးတာပေါ့။ ညီနောင်သုံးဖွဲ့ဆိုတာ FPNCC အဖွဲ့ထဲမှာ ပါနေတဲ့ အုပ်စုတွေပါပဲ။ တရုတ်ရဲ့သဘောထားက ဘာလဲဆိုတော့ နွေဦးတော်လှန်ရေးမှာ လုံးဝပါဝင်ခွင့်မပြုဖို့၊ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးရယူဖို့၊ နောက်ပြီးဖွဲ့ဖြိုးရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ တရုတ်ရဲ့ လုပ်ငန်းစဥ် သဘောထားအတိုင်းအကောင်အထည်ဖော်ကြဖို့ တွေ့ဆုံပေးတာလို့ ကျွန်တော်ကတော့ ယူဆပါတယ်”ဟု စစ်ရေး ၊နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။

ဆက်လက်၍လည်း ဦးသန်းစိုးနိုင်က “အခုကတန်ပြန်ထိုးစစ်လုပ်တော့မယ်လို့ NUG က ကြေညာထားတဲ့အချိန်မှာ ဒီအင်အားစုတွေကို ဒီလုပ်ငန်းစဥ်ထဲမပါဖို့ သဘောထားပေးလိုက်တာက နွေဦးတော်လှန်ရေးရဲ့ လှုပ်ရှားမှုတွေကို တားဆီးကန့်သတ်လိုက်တဲ့ကိစ္စမျိုးဖြစ်တဲ့အတွက် အတော်ကို ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ …။ ဗမာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့တော့ လုံးဝကို ကင်းကွာတဲ့၊ မကောင်းတဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျွန်တော်တော့မြင်ပါတယ်ဗျ”ဟုသုံးသပ်ပြောကြားသည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့အနက် AAသည် စစ်ကောင်စီတပ်နှင့် အပစ်ရပ်စဲထားသည့်အဖွဲ့ဖြစ်သည်။
TNLAနှင့် MNDAA တို့ကမူစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။
ဆွေးနွေးပွဲနှင့်ပတ်သက်ပြီးမေးမြန်းရန် TNLAနှင့် MNDAA တာဝန်ရှိသူအချို့ထံ ယနေ့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။
