စစ်ကောင်စီတပ်အင်အား ၂ သိန်းခွဲအောက်သာရှိတော့တယ်လို့ NUG ဖော်ပြ
အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်အင်အားဟာ အများဆုံး ၂၄၀,၀၀၀ ခန့်သာရှိတော့တယ်လို့ NUG အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ PDF ဖွဲ့စည်းတည်ထောင်တဲ့ ၂ နှစ်ပြည့်အနေနဲ့ မေလ ၂၈ ရက်က ထုတ်ပြန်တဲ့ စစ်ရေးအခြေအနေ စာတမ်းမှာ NUG က စစ်ကောင်စီရဲ့ အင်အားကို ခန့်မှန်းလိုက်တာပါ။ ပြင်ပက မြန်မာစစ်တပ်ရဲ့အင်အားကို ခန့်မှန်းကြရာမှာ ၃ သိန်းကနေ ၅ သိန်း ခန့်ရှိနိုင်တယ်လို့ ဆိုကြပေမယ့် ပကတိအခြေအနေအရ အဲဒီလောက် ပမာဏမရှိဘူးလို့ NUG က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အင်အား ၃ သောင်းနီးပါးသေဆုံးပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းတာကိုလက်မခံလို့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်ဦးရေ ၁၃,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ပြုန်းတီးသွားတဲ့အင်အားကိုပြန်ဖြည့်တင်းဖို့ တပ်သားသစ်စုဆောင်းဖို့ကိုလည်း စစ်ကောင်စီဟာ မစွမ်းဆောင်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ NUG က ဖော်ပြပါတယ်။

ဟားခါး-ထန်တလန်ကြား ချင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်ကျဆုံးရှိ
ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား သီမစ်ဒေသသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ ချင်းတပ်ဖွဲ့သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့က ထိတွေ့တိုက်ပွဲ စတင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မနေ့ညက နောက်ဆုံးသတင်းအရ CDFနဲ့ CNAဘက်က ၁၁ ဦးကျဆုံးပြီး ၁၀ ဦးလောက် ဒဏ်ရာရတယ်လို့ ချင်းတပ်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့အထိ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးကို မသိရသေးပါဘူး။
မင်းတပ်-ကျောက်ထုကြားတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးမှုရှိ
ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်း ကျောက်ထုမြို့အကြား တောလမ်းတစ်နေရာမှာ မနေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ မနေ့ နေ့ခင်းက ကျောက်ထုဘက် ဆင်းလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ CDF-Mindat ပူးပေါင်းအဖွဲ့တို့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကာ ဒဏ်ရာရသူများနိုင်တယ်လို့ မင်းတပ်ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက်ကနေ အသိပေးပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့ သိရပါတယ်။

ကျုံဒိုးမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ပြည်သူသုံးဦး ထပ်မံဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံပြည်သူသုံးဦး ထပ်မံဒဏ်ရာရခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၈ ရက် ညပိုင်းမှာ ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၆)တပ်ရင်းက ၁၂၀ မမ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ ကော့ကာကျေးရွာသို့ လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာပါလို့ ဖော်ပြပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ခြောက်လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်း-ကရင်နီပြည်နယ်အစပ်ရှိ စစ်ကောင်စီ ကင်းစခန်းကို ကရင်နီတပ်ပေါင်းစု တိုက်ခိုက်
ရှမ်း-ကရင်နီပြည်နယ်အစပ် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီရဲ့ ကင်းစခန်းကို ကရင်နီတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံ PDFတပ်ရင်း (၂)က ပြောပါတယ်။ မေ လ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်းထန် တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အထိနာလို့ လေယာဥ်နဲ့ပစ်ကူယူခဲ့ရသလို ကရင်နီတပ်ပေါင်းစုဘက်မှ ရဲဘော်တွေလည်း ထိခိုက်ကျဆုံးအချို့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ထီးချိုင့်နဲ့ ကသာအစပ်ရှိ ရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းသုံးခုနဲ့ ဝင်ရောက်လာ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ ကသာမြို့နယ်အစပ် ကျေးရွာများကို စစ်ကောင်စီတပ်ဟာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းသုံးခုနဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံများအနေနဲ့ စစ်ရေးသတိရှိဖို့နဲ့ ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်နေကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကသာခရိုင် တပ်ရင်း(၁)က အသိပေးပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ထီးချိုင့်နဲ့ ကသာနယ်မှာ နှစ်လခန့်ကြာ ငြိမ်သက်နေရာမှ ဒီရက်ပိုင်းအတွင်း တကျော့ပြန်စစ်ကြောင်းထိုးလာတာလို့ တော်လှန်ရေးးအင်အားစုများက ပြောပါတယ်။
ငါန်းဇွန်မှာ တပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ တပ်စွဲဖို့ လာရောက်တဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ MN PDF က သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၇ ရက် ညပိုင်းက ငါန်းဇွန်မြို့နယ်၊ ကုန်းလည်ရွာနဲ့ နတ်ကြီးကျေးရွာကြားမှာ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ကားသုံးစီးကို ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး ပဒေသာမိုင်း ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း MN PDFက ဖော်ပြပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်သား နှစ်ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

