▪︎ လေတိုက်နှုန်း မှာတစ်နာရီလျှင် ၂၅မိုင်ခန့်မှ ၃၁ မိုင်းအတွင်းရှိတော့မည်ဟုအသိပေး
မိုခါမုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းဖြတ်သန်းတိုက်ခတ်နေရာ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ မုန်တိုင်းငယ် အဖြစ်အားလျော့နည်းသွားတော့မည်ဟု အိန္ဒိယမိုးဇလ(IMD)ကခန့်မှန်းသည်။
ယနေ့နံနက် ၁၀ နာရီခွဲ( အိန္ဒိယအချိန် ၁၁ ခွဲ)တွင် လေတိုက်နှုန်း မှာတစ်နာရီလျှင် ၂၅မိုင်ခန့်( ၄၀ ကီလိုမီတာ)မှ ၃၁ မိုင်( ၅၀ ကီလိုမီတာ)အတွင်းရှိတော့မည်ဖြစ်ပြီး တစ်ချက် တစ်ချက်ဆာင့်တိုက်သောလေမှာ တစ်နာရီလျှင် ၃၇ မိုင်(ကီလိုမီတာ ၇၀) ရှိမည်ဟု IMD ကယနေ့ နံနက်တွင် ထုတ်ပြန်လိုက်သည်။

မုန်တိုင်းကို ခန့်မှန်းသုံးသပ်သော မိုးဇလဌာနများစွာ၊မုန်တိုင်းစောင့်ကြည့်ရေးဌာနများစွာက မိုခါမုန်တိုင်းကိုစောင့်ကြည့်ခန့်မှန်းချက်များထုတ်ပြန် ရာတွင် အိန္ဒိယမိုးဇလမှ မုန်တိုင်းဖြစ်စဥ်တစ်လျှောက်အမှန်ဆုံးဖြစ်ခဲ့သည်ကိုတွေ့ရသည်။
မိုခါမုန်တိုင်းသည် စစ်တွေကမ်းရိုးတန်းကို ယမန်နေ့ (မေ ၁၄ )နံနက် ၁၁ နာရီ ခွဲမှစ၍ တစ်နာရီ လေတိုက်နှုန်း ၁၁၂ မိုင်မှ ၁၁၈ မိုင်အတွင်းအင်အားဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ထိုနောက်ရခိုင်ပြည်နယ် ၊စစ်ကိုင်းတိုင်းအတွင်းကုန်းတွင်းမုန်တိုင်းအဖြစ် ဖြတ်သန်းတိုက်ခတ်နေခြင်းဖြစ်သည်။
ယမန်နေ့ည ၁၀ နာရီခွဲတွင် မုန်တိုင်းသည် စစ်တွေမြို့၏ မြောက်-အရှေ့မြောက် ဘက် ၂၁၁ မိုင် အကွာ ၊ ညောင်ဦးမြို့၏ မြောက်-အနောက်မြောက်ဘက် ၁၀၅ မိုင် အကွာ၊ နေပြည်တော်၏ မြောက် ၊အနောက်မြောက် ၂၇၃ မိုင်အကွာတွင်ရှိနေခဲ့သည်။မုန်တိုင်းသည် မြောက်၊အရှေ့မြောက်အရပ်သို့ လျင်မြန်စွာရွေ့လျားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ည ၁၀ နာရီခွဲ အချိန်တွင် မိုခါမုန်တိုင်၏လေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင် ၆၀ မှ ၆၂ မိုင်အတွင်းရှိခဲ့သည်။တစ်ချက်တစ်ချက် ဆောင့်တိုက်သောလေမှာ ပြင်းအား ၆၈ မိုင်ရှိခဲ့သည်။ထိုနောက် ယနေ့နံနက် ၄ နာရီခွဲ အချိန်တွင်မုန်တိုင်၏လေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင် ၃၇ မှ ၄၃ မိုင်အတွင်းရှိခဲ့သည်။တစ်ချက်တစ်ချက် ဆောင့်တိုက်သောလေမှာ ပြင်းအား မိုင် ၅၀ ခန့်ရှိခဲ့ကြောင်းIMD ကတွက်ချက်ပြထားသည်။ မုန်တိုင်းမှာ ဆက်လက်အားလျော့၍ ပျက်ပြယ်သွားမည်ဟု အိန္ဒိယမိုးဇလကခန့်မှန်းသည်။
“အဆိုးထဲကအကောင်းက မုန်တိုင်းက ကုန်ပေါ်မှာ မြန်မြန်ပြီးသွားတာပဲ” ဟု မုန်တိုင်းစောင့်ကြည့်နေသောစစ်ကိုင်းတိုင်းမှာ အမျိုးသားတစ်ဦးကပြောသည်။
ထိုကြောင့်မုန်တိုင်းသည် ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင်ဝင်လာပြီး.ယနေ့တွင် အားလျော့ပျက်ပြယ်သွားမည်ဖြစ်သည်။သို့သော် မုန်တိုင်းကြောင့် မိုးသည်းထန်ခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊မြေပြိုခြင်း၊ရေလွှမ်းမိုးခြင်းစသည်တို့ဖြစ်နိုင်ကြောင်းမိုးဇလဌာနများကသတိပေးထားသည်။
မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများကို People’s Spring ကဆက်လက်ဖော်ပြပါမည်။
