မကွေးတိုင်းအတွင်းမြို့နယ်အများစုတွင်လည်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး မိုခါဆိုင်ကလုန်းမုန်မုန်တိုင်းနှင့်ပတ်သတ်ပြီး သတင်းအချက်ရရှိမှုနည်းနေကြောင်းဒေသခံများကပြောသည်။
မုန်တိုင်းနှင့်ပတ်သတ်ပြီး သတင်းရရှိမှုနည်းပါးနေ၍ နေရာတချို့တွင် ကြိုတင်ပြင်ဆင်မှုအားနည်းနေသဖြင့် စစ်ဘေးရှောင်များအတွက် စိုးရိမ်ရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်းပြောသည်။
“အဓိက ကစစ်ဘေးရှောင်တွေကိုစိုးရိမ်တာပါဗျ။ မုန်တိုင်းကြောင့် မိုးကြီး၊လေတိုက်မယ်ဆိုတာဘဲ သိကြတယ်။ ဘယ်လောက်အတိုင်းအတာထိသက်ရောက်ကြမယ်ဆိုတာ ပြည်သူတွေက မသိကြဘူး”ဟု ပခုက္ကူခရိုင်တပ်ရင်း ၁၄ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် မကွေးတိုင်းရှိ စစ်ဘေးရှောင်များအတွက် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်အားနည်းနေပြီး နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေရသည်ဟုလည်း မြိုင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ထိုအပြင် မေ ၁၄ ရက်မနက်ပိုင်းမှ စတင်ပြီး မကွေးတိုင်း နေရာတချို့တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများပြတ်တောက်နေပြီး သတင်းအချက်များမရတော့ဘဲ ၊လျှပ်စစ်မီးများလည်း ဖြတ်တောက်ထားကြောင်း ဒေသခံများကပြောသည်။
ထိုပြင် မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကောင်စီက အင်အား ၂၀၀ခန့်ဖြင့် ထိုးစစ်ဆင်ရန် စစ်ကောင်စီက စီစဉ်နေပြီး ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ဟားခါးလမ်းပိုင်းတွင်လည်း စစ်ကောင်စီက ထိုးစစ်ဆင်ရန် အင်အား၁၅၀ဖြင့် ဟားခါးဘက်မှ ထိုးစစ်ဆင်ဆင်းလာကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။ထိုနေရာများတွင်လည်း ဖုန်းလိုင်းများပြတ်တောက်နေကြောင်းလည်း ဒေသခံများကပြောသည်။
ယနေ့မှာပင် မကွေးတိုင်းနေရာအနှံအပြားတွင်ကျန်ဒေသများကဲ့သို့ မိုးသည်ထန်စွာရွာသွန်းနေကြောင်းဒေသခံများကပြောသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မေ ၁၄ ရက် နေ့လယ် ၁၁ နာရီတွင် မြန်မာနိုင်ငံ၊ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နေပြီးစစ်ကိုင်းတိုင်း၊ ချင်း၊ မကွေး၊ကချင်ပြည်နယ်များကိုပါ ကုန်းတွင်းမုန်တိုင်းအဖြစ်တိုက်ခတ်နိုင်ကြောင်းသိရသည်။လေပြင်းတိုက်ခတ်ခြင်းအပြင် မိုးသည်းထန်စွာရွာသွန်းခြင်း၊မြေပြိုခြင်း၊လျှပ်တပြက်ရေကြီးခြင်းဘေးများလည်းဖြစ်နိုင်သည်။ထိုအပြင် မုန်တိုင်းမှ လွင့်ထွက်လာသောမိုးတိမ်ဆဲလ်များကြောင့် နိုင်ငံတစ်ဝန်းလေပြင်းတိုက်ခတ်ခြင်း မိုးသည်းထန်ခြင်းများဖြစ်ပွားနိုင်ကြောင်းမိုးလေဝသပညာရှင်များကခန့်မှန်းထားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီဘက်ကမုန်တိုင်းကို အခွင့်အကောင်းယူပြီး မြိုင်၊ပေါက်စသည့်မြို့နယ်တွင် စစ်အင်အားနှင့် ရိက္ခာများဖြည့်တင်းနေသည်။
“သာမာန်အချိန်မှ ရိက္ခာသယ်လို့မရလို့ မိုးရွာတာကို အခွင့်ကောင်းယူပြီး ဒီဘက်တကြောကို စစ်ကောင်စီက ရိက္ခာတွေ သယ်နေပါတယ်”ဟု ပေါက်မြို့နယ်ရှိ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တစ်ဦးကပြောသည်။
ထိုအပြင် စစ်ကောင်စီ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်ကိုလည်း မေ ၁၃ ရက်က ဂျက်ဖိုက်တာတစ်စီးဖြင့် ကင်းထောက်ပျံသန်းကြောင်းPDFများကပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း အိမ်ခြေ ၉၀၀၀ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင်နေရပ်စွန့်ခွာသူအများစုက အမိုးအကာမလုံခြုံသည့်နေရာများတွင်နေထိုင်နေရသည်။
