▪︎မိုင်တိုင်းနှင့် ဆက်စပ်ပြီး သေဆုံးသူ ၅ဦးရှိ ဒဏ်ရာရသူများလည်းရှိဟု NUG ထုတ်ပြန်
▪︎ရခိုင်ကမ်းရိုးတန်းကို မနက်၁၁ ခွဲတွငိတစ်နာရီလေတိုက်နှုန်း မိုင် ၁၃၀ ဖြင့်ဖြတ်သန်းတိုက်ခတ်ဟုNUGဆို ၊ နာဂစ်မုန်တိုင်လေတိုက်နှုန်းနှင့် အတူတူဖြစ်နေ
အားကောင်းလွန်းသည့်မိုခါမုန်တိုင်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ဖြင့် ဖြတ်သန်းတိုက်ခတ်နေရာ ယနေ့ (မေလ ၁၄ရက် )နေ့လည် ၂နာရီနောက်ပိုင်းတွင် မုန်တိုင်းဒီရေများမြို့အတွင် ဝင်လာရာ ဒေသခံအချို့ ပိတ်မိနေပြီး အရေးပေါ် ကယ်ဆယ်ရေး အကူအညီလိုအပ်လျက်ရှိကြောင်း ကာယကံရှင်များကလူမှုကွန်ရက်မှ တဆင့် အသိပေးထားသည်။
ရေတက်လာ၍ ပိတ်မိပြည်သူများက ၎င်းတို့ နေထိုင်ရာလမ်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့အားလူမှုကွန်ရက်တွင် ဖော်ပြပြီး အကူအညီတောင်းခံနေကြသည်ကိုတွေ့ရသည်။
ထိုသို့ပိတ်မိနေ၍ အကူအညီတောင်းခံသူများမှာ စစ်တွေမြို့တွင်ပင် ယနေ့ ညနေပိုင်းအထိ အနည်းဆုံး ၅ ဦးရှိသည်ကိုတွေ့ရသည်။
ဒေသခံများကို မုန်တိုင်းတိုက်ခတ်မှု နောက်ဆုံးအခြေအနေကို မေးမြန်ရန် ဖုန်းဆက်သွယ်ရာ ယနေ့ညနေပိုင်းတွင် ဖုန်းလိုင်းများဆက်သွယ်မရပေ ။
ဒေသတွင်း သတင်းဌာနဖြစ်သည့် BNA၏ ဖော်ပြချက်တွင်လည်း မြို့ပေါ်ရပ်ကွက်အများစုကို အရေးပေါ် ကယ်ဆယ်ရေး ပြုလုပ်ရန်လိုအပ်နေသည်ဟု ဖော်ပြထားသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယနေ့ နံနက် ၁၁နာရီ ခွဲ အချိန်တွင် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် (၁၃၀) နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၊လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်သည်။ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ဖြင့်တိုက်သည်ဆိုပါက ၂၀၀၈ နာဂစ်ဆိုင်ကလုန်းတိုက်ခတ်စဥ်ကလေတိုက်နှုန်းပြင်းအားဖြင့် အတူတူပင်ဖြစ်သည်။
အင်အားကြီးမားသည့်ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ကနဦးထိခိုက်ပျက်စီးမှု အခြေအနေကိုလည်း MOHADMကယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ထုတ်ပြန်ခဲ့ရာ စစ်တွေမြို့တွင် လေတိုက်နှုန်းပြင်းထန်မှုကြောင့် MPT ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျပျက်ဆီးခဲ့ပြီး စစ်တွေမြို့၌ ဆက်သွယ်လိုင်းရေးများပြတ်တောက်လျက်ရှိကြောင်း အသိပေးသည်။

ထိုအပြင် စစ်တွေမြို့ပေါ်တွင် နှစ်ရှည်ပင် တချို့ ပြိုလဲခြင်း၊ နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး ဂွမြို့နယ်၊ကမ်းသာယာအနီး ရွှေဦးကင်းရွာတွင်လည်း အိမ်ခြေ ၅၀ ခန့်ပျက်ဆီးခဲ့ကြောင်းကနဦးသတင်းပေးပို့မှုများရှိသည်ဟု ဖော်ပြသည်။
ထိုအပြင်ယနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အနီရောင်အဆင့်သတ်မှတ်ခံထားရသည့် (၇) မြို့နယ်တွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်းအသိပေးထားသည်။
မမုန်တိုင်းဒဏ်အဆိုးဆုံးခံရနိုင်သောဒေသများအဖြစ် စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ ရသေ့တောင်၊ အမ်းစသည့် ဒေသများဖြစ်ပြီး ပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွေ့ကြဖို့ NUG က လွန်ခဲ့သည့် ၃ ရက်ကသတိပေးခဲ့သေးသည်။ စစ်တွေမြို့နယ်ကမ်းခြေများတွင် မုန်တိုင်းဒီရေ ၁၀ ပေမှ ၁၂ ပေခန့် ၊ ရသေတောင်၊ပေါက်တော၊မြေပုံမြို့နယ်များတွင် ၁၄ ပေမှ ၁၆ ပေ ၊ ကျောက်ဖြူ၊အမ်းမြို့နယ်များတွင် ၁၂ ပေမှ ၁၄ ပေ ၊ သံတွဲ ဂွကမ်းခြေများတွင် ၆ ပေမှ ၈ ပေ တက်လာနိုင်ကြောင်းNUG-MOHADM ကသတိပေးထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနှင့် ဧရာဝတီတို့တွင် သေဆုံးသူ (၅) ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းကနဦးထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အပြင် မိုး(၃)ရက် သည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ဖျားနာမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် လျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိသဖြင့် စစ်ဘေးရှောင်များ သတင်းအချက်အလက်ရရှိနိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
မုန်တိုင်းဝင်ရောက်ပြီး ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၌ မုန်တိုင်းဒီရေဝင်ရောက်နိုင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်တွင် မြေပြိုခြင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သည်။

မိုးလေဝသ သတင်းများ စဉ်ဆက်မပြတ် ဖော်ပြနေသည့် ဦးဝင်နိုင်ကလည်း စစ်တွေမြို့နှင့်အနီးမုန်တိုင်းဗဟိုအတွင်းကျရောက်နေသည့်ဒေသများ အခြေအနေကိုအသိပေးခဲ့သည်။
“မုန်တိုင်းဗဟိုကုန်တွင်းသို့ဝင်အပြီး ညနေ ၄ နာရီအချိန်လောက်မှာ မုန်တိုင်းရဲ့ နောက်ပိုင်းကတကြိမ်ထပ်ပြီးဝင်လာပါလိမ့်မယ်။ လေတိုက်နှုန်းက ပင်လယ်ဘက်က(အနောက်မြောက်ဘက်က ဝင်လာမဲ့ အခြေအနေကြောင့်ပိုပြီးပြင်းထန်နိုင်ပါမယ်။ မုန်တိုင်းနောက်ပိုင်းဝင်တိုက်တဲ့ အချိန်က ဒီနေ့ ညသန်းခေါင်ကျော်အထိ ကြာနိုင်ပါမယ်။ မုန်တိုင်းဒီရေရိုက်ခတ်မှုလဲ ပိုမြင့်နိုင်၊ ပိုပြင်းနိုင်ပါမယ်။အလင်းရောင်မဲ့သွားတဲ့အချိန်မှာဖြစ်မှာကြောင့် လိုအပ်တာတွေ ပြင်ဆင်ထားကြပါဗျာ” ဟု ၎င်းက အကြံပြုထားသည်။
