မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲကင်းစခန်းမှ စခန်းမှူးအပါအဝင် စစ်ကောင်စီလက်ပါးစေ ရဲလေးဦးအား တိုက်ခိုက်ခဲ့ရာ လေးဦးစလုံး သေဆုံးကြောင်း Pakokku Special Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်သည်။
မေလ ၁၂ ရက် နေ့လည် ၁နာရီခန့်က ရေစကြိုမြို့နယ် ပခန်းငယ်မှ ပခန်းကြီးကင်းရဲစခန်းသို့ထွက်ခွာလာသော စခန်းမှူးအပါအ၀င် ရဲ လေးဦးအား ကြားဖြတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
တိုက်ခိုက်မှုအတွင်း ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
သို့သော် စစ်ကောင်စီလက်ပါးစေရဲများ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးကို Pakokku Special Guerrilla Forceနှင့် မဟာမိတ်များဖြစ်သော UURF ၊ ပခုက္ကူခရိုင်တပ်ရင်း(၃) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Pakokku Special Guerrilla Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
“ဆိုင်ကယ်နဲ့ ပခန်းငယ်ရဲစခန်းကနေအပြန် တိုက်ခိုက်ခံရတာ။ စခန်းမှူးကတော့ ပွဲချင်းပြီးသေတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားပြီး ၂ နာရီခွဲခန့်အကြာ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ ရောက်ရှိလာပြီး တိုက်ခိုက်ခံရသည့်နေရာအနီးရှိ ချစ်သူရွာနှင့် သင့်သည်ရွာရှိ နေအိမ်များနှင့် ပခန်းငယ်တောရကျောင်း အဆောက်အဦးများအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
မေလ ၇ ရက်ကလည်း ပခုက္ကူမြို့မှ ထွက်လာသော စစ်ကောင်စီ ရိက္ခာတင် ယာဥ် သုံးစီးကို သာကြီးတောင်ကျေးရွာအနီး ပခုက္ကူ(ပကဖ)နှင့်မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
