▪︎စစ်ရာဇဝတ်မှု တစ်ခုလို့ သတ်မှတ်သင့်ကြောင်းကြေညာ
မြန်မာစစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေကို ချိုးနှိမ်ဖို့ အားထုတ်ရာမှာ အလွန်အကျွံ ရက်စက်တဲ့ စစ်လက်နက် အမျိုးအစား တစ်ခုဖြစ်တဲ့ လေဟာနယ်ဗုံးကို အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ပဇီကြီး ကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ကြဲချခဲ့ရာမှာ သာမိုဘာရစ်ဗုံးလို့လည်း ခေါ်ဝေါ်တဲ့ လေဟာနယ် ဗုံးတစ်လုံး ပါဝင်ခဲ့တယ်လို့ HRWက ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း ကလေးတွေ အများအပြား အပါအဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ပါတယ်။
လေဟာနယ် ဗုံးတွေဟာ လောင်စာပါဝင်မှု အမြင့်ဆုံး ထည့်သွင်းထားပြီး အရွယ်အစားတူ တခြား ဗုံးလက်နက်တွေထက် ပေါက်ကွဲအား အများကြီး ပိုပြင်းထန်ပါတယ်။ လေဟာနယ်ဗုံးတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ တိတိကျကျ တားမြစ်မထားပေမယ့် အရက်စက် အကြမ်းကြုတ်ဆုံး စစ်လက်နက် အမျိုးအစား တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။
ဧပြီ ၁၁ ရက်က ပဇီကြီး ကျေးရွာထဲမှာ ပြည်သူ့အုပ်ချုပ်ရေးရုံးအသစ် ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပနေချိန် အရပ်သားတွေ အများအပြား စုဝေးနေတာကို စစ်ကောင်စီ လေတပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အခြေစိုက် HRWက မြန်မာစစ်တပ်ဟာ စစ်ဘက်၊ အရပ်ဖက် ပစ်မှတ်တွေ လုံးဝ ခွဲခြားတာမျိုး မရှိဘဲ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို အတိအလင်း ချိုးဖောက်ပြီး အရပ်သား အများအပြားကို သေကြေစေခဲ့ကြောင်း၊ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု တစ်ခုလို့ သတ်မှတ်သင့်ကြောင်း ကြေညာပါတယ်။
ပဇီကြီးရွာ တိုက်ခိုက်မှုမှာ မြန်မာစစ်တပ်ဟာ လူတွေ သေဆုံးမှု များနိုင်သမျှ အများဆုံး ဖြစ်စေဖို့အတွက် အရမ်း ပြင်းထန်ကြမ်းတမ်းတဲ့ ဗုံးမျိုးကို အရပ်သား လူစုလူဝေးထဲ ကြဲချခဲ့တာဖြစ်ပြီး လူ့အသက်တွေကို လုံးဝ တန်ဖိုးမထားဘူးဆိုတာ မြင်သာစေခဲ့ကြောင်းလည်း HRWက စွပ်စွဲခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ အဖိုးတန် အသက်တွေ ဆုံးရှုံးနေတာကို တားဆီးဖို့အတွက် နိုင်ငံတကာ အစိုးရတွေ အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေဆီ ငွေကြေး၊ စစ်လက်နက်နဲ့ လေယာဉ်ဆီတွေ ထောက်ပံ့နေမှုကို အမြန်ဆုံး ရပ်တန်းက ရပ်သင့်ပြီလို့လည်း HRWက တိုက်တွန်းသွားပါတယ်။
လေဟာနယ်ဗုံးတွေ အပါအဝင် သာမိုဘာရစ် ဗုံးတွေမှာ လောင်စာသိုလှောင်ကန်နဲ့ သီးခြား စနက်တံနှစ်ခု တပ်ဆင်ထားပါတယ်။ တစ်နည်းအားဖြင့် လောင်ကျွမ်းအားပြင်းတဲ့ အဲဒီလောင်စာကပဲ ဗုံးရဲ့ ဖျက်ဆီးအားအတွက် အလုပ်လုပ်ပြီး တခြား ဖောက်ခွဲရေး ပစ္စည်းတွေ မပါဝင်ပါဘူး။ လက်နက်ကို အသုံးပြုလိုက်တဲ့အခါ ပထမ စနက်တံက လောင်စာကန်ကို ခွဲပစ်လိုက်ပြီး လောင်စာ အမှုန်တွေကို ပျံ့နှံ့သွားစေပါတယ်။ အဲဒီနောက် ဒုတိယ စနက်တံက လေထဲက အောက်စီဂျင်နဲ့ ပေါင်းစပ် ဓာတ်ပြုပြီး လောင်စာမှုန်တွေကို လောင်ကျွမ်း ပေါက်ကွဲစေပါတယ်။ ရလဒ်အနေနဲ့ အင်မတန် ပြင်းထန်တဲ့ ပေါက်ကွဲမှုလှိုင်းတွေ ဖြစ်ပွားပြီး မတန်တဆ ပူပြင်းမှုကြောင့် ပတ်ဝန်းကျင်မှာ လေဟာနယ် တစ်ပိုင်းတစ်စ ဖြစ်သွားစေနိုင်ပါတယ်။
ပဇီကြီးကျေးရွာ တိုက်ခိုက်မှုမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်း မှတ်တမ်းဓာတ်ပုံ ၅၉ ပုံနဲ့ ဗီဒီယို ၁ ခုကို စေ့စေ့စပ်စပ် လေ့လာပြီးတဲ့နောက် ကနဦး တိုက်ခိုက်မှုမှာ ကြီးမားပြီး ပေါက်ကွဲအား ပြင်းထန်အောင် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားတဲ့ ဗုံးလက်နက်တစ်ခု ကြဲချခဲ့တာဖြစ်ကြောင်း HRWက ကောက်ချက်ချခဲ့ပါတယ်။
ပေါက်ကွဲမှုရဲ့ အရှိန်နဲ့ အနီးတဝိုက် အဆောက်အအုံတွေမှာ အပူဒဏ်ကြောင့် ထိခိုက်ထားမှုတွေ၊ ရုပ်အလောင်းတွေရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ရာတွေနဲ့ တစ်ရှူးအပျော့တွေ အားလုံးက ထင်ရှားမြင်သာလွန်းတဲ့ အထောက်အထားတွေ ဖြစ်နေတယ်လို့လည်း HRWက ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ ပဇီကြီးရွာ ဗုံးကြဲမှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံထားပေမယ့်လည်း အရပ်သားတွေကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ တော်လှန်ရေး အင်အားစုဖြစ်တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)တွေကို ပစ်မှတ်ထားခဲ့တာသာ ဖြစ်တယ်လို့ ကာကွယ် ပြောကြားထားပါတယ်။
