ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ အရပ်သားပြည်သူ ထိခိုက်မှုများရှိနေကြောင်း ဒေသခံက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဘက်က လတ်တလော စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်သော်လည်း စစ်ကောင်စီက ညဘက်တွင် ဒေသတွင်းရှိကျေးရွာများသို့ လက်နက်ကြီး ရမ်းပစ်နေသည်ဟု ဆိုသည်။
“ကော့ကရိတ်တောင်ပိုင်း ဒီနယ်မြေမှာ သူတို့ ညည လိုက်ထု(လက်နက်ကြီးပစ်ခတ်)နေတာ တောက်လျှောက်ပဲ။ ၁၀ရက်တစ်ပတ်လောက်ရှိပြီ။ အကြောင်းမဲ့ လိုက်ထုနေတော့ ဒေသခံလူထုတွေ ထိခိုက်နစ်နာမှုတွေရှိတယ်။” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ဒေသခံများ နေ့ရောညပါ သတိဖြင့်နေထိုင်နေကြရကြောင်း၊ မိုးတွင်းကာလဖြစ်၍ ရွှေ့ပြောင်းရန်မှာလည်း အခက်အခဲရှိနေကြောင်း ဒေသခံက ပြောသည်။ ထို့ပြင် မိုးဦးကျကာလတွင် လုပ်ဆောင်လေ့ရှိသည့် လယ်ယာခြံစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အခက်အခဲရှိသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ဒေသခံ ပြည်သူ ရှစ်ဦး ထိခိုက်ကာ တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံက ပြောသည်။
“အခုက ကျနော်သိရသလောက်က မောင်းမ အုပ်စုမှာ ၂ယောက်ထိသွားတယ်။ နောက်တစ်ခါ တတန်ကူး၊ နို့ကတိုးဘက်မှာကျတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အုတ်ဖိုအလုပ်သမားတွေ ၆ယောက်လောက်ထိသွားတယ်။ တစ်ယောက်တော့ သေတာပေါ့။ လူထုတွေလည်း တော်တော်လေး ကြောက်လန့်နေပြီ။ ရွှေပြောင်းအလုပ်သမားတွေကျတော့ ရပ်ဝေးကလာပြီး အုတ်ဖိုတွေလာလုပ်တတာ” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။
