အခြားအဖွဲ့မှ ရဲဘော်နှစ်ဦးနှင့် စစ်ရှောင်ပြည်သူ သုံးဦးကိုလည်း သတ်ဖြတ်သွား
မြောင်နယ်သို့လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ၁နာရီကြာတိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စခန်းတစ်ခုကို စီးနင်းပြီးနောက် ရဲဘော်ငါးဦးနှင့် ပြည်သူသုံးဦးကို သတ်ဖြတ်သွားကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။
မေလ ၅ရက်က ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအစပ်၌ စစ်ကောင်စီတပ်နှင့် မြို့နယ် (ပကဖ) ကင်းတပ်စိတ်များ ထိတွေ့မှုဖြစ်ပွားခဲ့သည်။
ထို့နောက် အဆိုပါစစ်ကြောင်းသည် CHUPDF ၏ လေ့ကျင့်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးနောက်တန်းစခန်းခွဲတစ်ခုကို ဝင်ရောက်စီးနင်းရာ အဆိုပါစခန်းခွဲမှ စခန်းခွဲမှူးတစ်ဦးနှင့် ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် အနီးနားရှိ တောရဘုန်းကြီးကျောင်း၌ ဝေယျာဝစ္စလုပ်ကိုင်နေသူ နှစ်ဦးလည်း သတ်ဖြတ်ခဲ့ကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။
ထို့နောက် ဆက်လက်စစ်ကြောင်းထိုးလာရာ လမ်းတွင်တွေ့ရသော အသက် (၆၅)နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးကြီးတစ်ဦးနှင့် အသက် (၄၀)ဝန်းကျင် အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
သတ်ဖြတ်ခံရသည့် အမျိုးသား လေးဦးအနက် နှစ်ဦးမှာ ဒေသကာကွယ်ရေးရဲဘော်များ ဖြစ် ကြောင်း ချောင်းဦးအခြေစိုက်ရဲဘော်တစ်ဦးက ပြောသည်။
“Aung San Force က တစ်ဦးလည်းပါတယ်ပြောတယ်။ ခုမနက်ကို အမြင့်တိုက်နယ်တောင်ဘက်ခြမ်း၊ ပျူတွေရှိတဲ့နေရာတွေကနေ တောက်လျှောက်ထိုးနေတာ။ ချောင်းဦးအနောက်ဘက်ခြမ်းရောက်နေပြီ။”ဟု အဆိုပါ ရဲဘော်က ပြောသည်။
“အခုဒီမနက်ထိကို စစ်ကြောင်းထိုးနေလို့ ပြေးနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဥ်များနှင့်ပတ်သက်၍ ဒေသတွင်းကာကွယ် ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ရေစကြိုဘက်မှ ကူးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများကြောင်း Myingyan Black Tiger (MBT) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (မေလ ၆ ရက်) ညနေ ၄နာရီခန့်က မြောင်မြို့နယ်၊ ရွှေတစ်ချောင်းကျေူရွာမှ ကျောက်ရစ်ရဲစခန်းသို့ တက်သွားသော စစ်ကောင်စီ စစ်ကြောင်းနှင့် Myingyan Black Tiger (MBT) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
MBT အဖွဲ့က စစ်ကောင်စီစစ်ကြောင်းနှင့် အနီးဆုံးနေရာ သနပ်ကုန်းတံတားအထိကပ်၍ အနီးကပ် ပစ်ခတ်ခဲ့ကြောင်း၊ ပခုံးထမ်းလောင်ချာများ၊ လက်လုပ်ကိုးလုံးလက်နက်များဖြင့် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခန့်ကြာခဲ့ကြောင်း MBTအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် မဟာမိတ်အဖွဲ့များကလည်း (၆၀)မမ များ၊ လက်နက်ငယ်များဖြင့် ကာပစ်ပေးခဲ့၍ စစ်ကောင်စီစစ်ကြောင်းအထိနာသွားခဲ့သည်ဟု Myingyan Black Tiger (MBT) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ကျောက်ရစ်ဘက်မှာ အင်အားလိုလို့ ရေစကြိုဘက်ကနေ အင်အား၃၀ အကူခေါ်တာ။ အဲဒီအချိန်မှာသနပ်ကုန်းတံတားကနေ ဖြတ်တိုက်ခဲ့တာပါ။ စက်လှေ၃စီးနဲ့အလောင်းတွေကော လူနာတွေကော ရေစကြိုဘက်ကိုပြန်ပြီးသယ်သွားတယ်။”ဟု MBTအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းစစ်ဆင်ရေးကို MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် တိုက်ခိုက်ရေးခေါင်းဆောင် ကိုကရင်ကြီးတို့ ဦးဆောင်မှုဖြင့် Myingyan Black Tiger (MBT)၊ People Spirit Force (PSF)၊ MGN 9 Stars၊ Royal Brother Defence Force နှင့် မဟာမိတ် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
