အဆိုတော် လင်းလင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် တော်လှန်ရုပ်ရှင်များဖြစ်သည့် လမ်း နှင့် စမှတ် ရုပ်ရှင်များသည် နိုင်ငံတကာရုပ်ရှင်ပွဲတော် နှစ်ခုတွင် ဆုရှစ်ဆု ထပ်မံရရှိခဲ့သည်။
Festigious နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဧပြီအတွက် လမ်း ဇာတ်ကားက “Best Musical ” “Best First Time Director” နှင့် “Best Song” ဆုများရရှိခဲ့ခြင်းဖြစ်ပြီး World Film Carnival Singapore ရုပ်ရှင်ပွဲတော်တွင် “Narrtive Feature” “Best Film Score -Soundtrack” နှင့် “Mobile Film” ဆုများရရှိခဲ့ကြောင်း မေလ ၆ရက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကထုတ်ပြန်ထားသည်။
“ကိုလင်းရဲ့တကယ့် fieldဖြစ်တဲ့ musicalနဲ့မို့အရမ်းပျော်သလို သူပထမဆုံးfeatureလေးမို့ အမှတ်တရဖြစ်ရတာမို့ပါ။ဒီနေ့တော့ ပျော်ခွင့် ကြွားခွင့်ပေး..ဆုသေးသေးဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ်” ဟု ချစ်သုဝေက ရေးသားထားသည်။
ယင်းဇာတ်ကားတွင် အနုပညာရှင်များနှင့်အတူ တော်လှန်ရေး ရဲဘော်များလည်း ပါဝင်သရုပ်ဆောင်ထားပြီး Cannes World Film Festival တွင်လည်း “Best Mobile Phone Feature Film” ဆုရရှိထားသည်။
ထို့အတူ ဒါရိုက်တာလင်းလင်း ရိုက်ကူးထားသည့် စမှတ် ရုပ်ရှင်သည် World Film Carnival Singapore တွင် “Short Film ” နှင့် “Free Speech” ဆုများထပ်မံရရှိခဲ့သည်။
ယင်းဇာတ်ကားသည် Cannes World Film Festival “Best Educational Film” ဆုရရှိထားသလို Korea International Short Film Festival တွင်လည်း “Best Short Film” ဆုရရှိထားသည်။
