▪︎လျှို့ဝှက်မဲဖြင့်ရွေးချယ်ခြင်းဖြစ်ပြီးဒုဥက္ကဌ၊ အတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး ၁နှင့် ၂ တို့ကို မနက်ဖြန်ရွေးချယ်မည်
▪︎စုပေါင်းခေါင်းဆောင်မှုဖြစ်၍ ဥက္ကဋ္ဌ အပြောင်းအလဲကြောင့် KNU နိုင်ငံရေး၊ စစ်ရေး ရပ်တည်ချက် ပြောင်းမည်မဟုတ်ဟုပြော
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌသစ်အဖြစ် ယခင် ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအား KNU၏ ၁၇ကြိမ်မြောက် ကွန်ဂရက်က ရွေးချယ်တင်မြောက်လိုက်ကြောင်း KNU ဗဟိုသတင်းရင်းမြစ်က ပြောသည်။
KNU ဗဟိုကော်မတီ ၄၅ဦး ရွေးချယ်မှုကို ယမန်နေ့ကတည်းက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဥက္ကဋ္ဌ ကို လျှို့ဝှက်မဲဖြင့် ရွေးချယ်ခဲ့သည်ဟုဆိုသည်။
“အဖြေပေါ်ပြီလေ။ အခုလောလောဆယ် ဥက္ကဋ္ဌအဆင့်ပဲပြီးသေးတယ်။ ဗဟိုကော်မတီ ၄၅ယောက်တော့ ပြီးပြီ။ အဲဒါ ဥက္ကဋ္ဌ ရွေးပြီးပြီ။ မနက်ဖြန်ဆိုရင် ဒုဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)နဲ့ (၂)အဲဒါရွေးမယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ယခင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ယခု ကွန်ဂရက်တွင် ဝင်ရောက်အရွေးခံခြင်းမပြုဘဲ အနားယူခဲ့သည်ဟုဆိုသည်။

“ ဥက္ကဋ္ဌကို ကွန်ဂရက် ကိုယ်စားလှယ်အားလုံးရွေးတာ။ လျှို့ဝှက်မဲနဲ့ရွေးတာ။ ဒုဥက္ကဋ္ဌလည်း လျှို့ဝှက်မဲပဲ။ အတွင်းရေးမှူးလည်းလျှို့ဝှက်မဲပဲ။ တွဲဖက် ၁၊ ၂လည်း လျှို့ဝှက်မဲပဲ။ အဲဒီ ကြီး ၅ကြီးက လျှို့ဝှက်မဲနဲ့ရွေးတာ။ ကျန်တဲ့ ၆ယောက် EC(ဗဟိုအလုပ်အမှုဆောင်)ကို အဲဒီ ကြီး ၅ကြီးက သူ့ဘာသူထိုင်ပြီး ရွေးလိမ့်မယ်” ဟု KNU သတင်းရင်းမြစ်က ရှင်းပြသည်။
KNU ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင် ၁၁ဦးဖြင့်ဖွဲ့စည်းမည်ဖြစ်သည်။
“၆ယောက်ရွေးပြီးတော့ နာမည်စာရင်း ပြုစုပြီး ကွန်ဂရက်ကိုယ်စားလှယ်ဆီ ပြန်တင်ရတယ်။ တင်ပြီးမှ ကွန်ဂရက် ကိုယ်စားလှယ်တွေက ဒီလူ၊ ဒီလူကအလုပ်များတယ် သူ့တခြားအလုပ်ရှိတယ် လဲလို့ရတယ် သဘောက။ တကယ်လို့ ကြီး ၅ကြီး ရွေးထားတဲ့ ခြောက်ယောက်ကို ကိုယ်စားလှယ်အားလုံး လက်ခံမယ်ဆိုရင်ပြီးပြီ” ဟု KNU သတင်းရင်းမြင်က ပြောသည်။
KNU လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) စသည့် လက်နက်ကိုင်တပ်ဖွဲ့များလည်းရှိရာ ပုံမှန်အားဖြင့် အဆိုပါ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မှုများ အပြောင်းအလဲမရှိသော်လည်း ကွန်ဂရက်၌ တင်ပြလာပါက အလဲအလှယ်ရှိနိုင်သည်ဟုဆိုသည်။
လက်ရှိ KNLA စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ KNDO စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်စောရှီးလေ၊ KNPF ရဲချုပ်မှာ ရဲမှူးကြီး စောဂျီးနိုဖြစ်သည်ဟု ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။
KNU ခေါင်းဆောင်ပိုင်းများ အပြောင်းအလဲရှိသည့်တိုင် အဖွဲ့၏ မူဝါဒ၊ နိုင်ငံရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းဖြစ်၍ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲမရှိနိုင်ဘဲ ဆက်လက်၍ စစ်အာဏာရှင်တိုက်ဖျက်ရေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ကျနော်တို့ KNU ဖွဲ့စည်းပုံမူအတိုင်းကတော့ လုပ်တာ ကိုင်တာတော့ စုပေါင်းခေါင်းဆောင်မှုနဲ့ လုပ်တဲ့အခါကျတော့ စုပေါင်းခေါင်းဆောင်အနေနဲ့ပဲ သွားမှာပဲလေ။ အရင်တုန်းက အဟောင်းတုန်းကလည်း စုပေါင်းခေါင်းဆောင်ပဲလေ။ဒါကတော့အပြောင်းအလဲမရှိပါဘူး။ ဒါပေမဲ့ အနှောက်အယှက်က သူများက အမျိုးမျိုး ပြောကြတာပေါ့။ လက်ရှိ နိုင်ငံရေးအလှည့်အပြောင်းမှာကတော့ ဒီခေါင်းဆောင်တွေက ဦးဆောင်နိုင်ပါတယ်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်သည် ယခင် KNU အထွေထွေအတွင်းရေးမှူးချုပ်၊ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်ပြီး KNU၏ ၁၀ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာသူဖြစ်သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ရရှိရေး အပါအဝင် KNU၏ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများတွင် အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့သူဖြစ်သည်။ သို့ရာတွင် KNU အနေဖြင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး ကဏ္ဍကို ရပ်ဆိုင်းကာ ပြည်သူလူထုနှင့်အတူ ရပ်တည်ကာ စစ်အာဏာရှင် တိုက်ဖျက်ရေး တိုက်ပွဲဝင်လျက်ရှိသည်။
“အခုက အဖွဲ့အစည်းအနေနဲ့က ဗမာပြည်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်အာဏာသိမ်းစကတည်းက အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တာ ရပ်နားပြီးတော့ ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအပေါ် ဆက်လက်လှုပ်ရှားနေကြတာပဲ၊။ ဒီအတိုင်းပဲ ဆက်သွားတာပဲ။ ပြည်သူလူထု အုံကြွမှု မှာ လက်တွဲပြီးတော့ အရင်ပြောသလိုပေါ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ နိုင်ငံတကာရဲ့ လှုပ်ရှားမှုပေါ့။ စစ်ဘက်ရေးရာကလည်း တက်ညီလက်ညီနဲ့ ဆက်သွားမှာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
NCA နှင့်ပတ်သက်ပြီး အဖွဲ့အစည်းအနေဖြင့် ခေါင်းထဲ ထည့်တော့မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“မကြာမီမှာ အာဏာရှင်က ပြုတ်ကို ပြုတ်ရမယ်”ဟု KNU သတင်းရင်းမြစ်က ဆက်ပြောသည်။
