မြန်မာပြည်သူများရဲ့ ခံစားချက်နဲ့ နာကျင်မှုများကို လျစ်လျူရှုမထားဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတတိုက်တွန်း
မြန်မာပြည်သူများရဲ့ ခံစားချက်နဲ့ နာကျင်မှုများကို လျစ်လျူရှုမထားဘဲ ဆွေးနွေးပွဲများမှာ ပြည်သူများရဲ့ ဆန္ဒကို ဦးစားပေးအလေးထားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို NUG ယာယီသမ္မတဒူဝါလရှီးလက ဒီနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးကနေ တိုက်တွန်းပါတယ်။ NUG ဟာ ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် NUG ရဲ့ဆန္ဒဖြစ်ပြီး ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိပါမယ်လို့ ထပ်လောင်းကတိပြုပါတယ်။ NUG အစိုးရနဲ့ မြန်မာပြည်သူလူထုတရပ်လုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူတူဝိုင်းဝန်းကြိုးစားသွားကြပါစို့လို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမယ်
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ဟာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီနေ့ကစလို့ မေလ ၅ ရက်အတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယကို သွားရောက်မယ်လို့ ဖော်ပြပါတယ်။ စစ်အာဏာသိမ်းမှုအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yiဟာ နေပြည်တော်သို့ လာရောက်ခဲ့ဖူးပြီး အဲဒီတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခြင်းမရှိခဲ့ပါဘူး။ အခုခရီးစဥ်မှာ နိုင်ငံခြားဝန်ကြီး Qin Gang ဟာ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖွယ်ရှိနေပြီး မြန်မာ ပြည်ကိုသွားရတဲ့ အဓိကအကြောင်းရင်းမှာ ၂၀၂၀ တုန်းက သမ္မတရှီရဲ့ခရီးစဥ်ကနေ ထွက်ပေါ်ခဲ့တဲ့ရလဒ်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီလအတွင်း မင်းတပ်မှာ စစ်ကောင်စီတပ်သား၂၆ ဦးထက်မနည်းသေ
ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ ဆက်စပ်ဒေသများမှာ ဧပြီအတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၆ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ပါတယ်။ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၂)၊ မင်းတပ်-မတူပီလမ်း ၉ မိုင်၊ မင်းတပ်-ကျောက်ထုလမ်း၊ မင်းတပ်မြို့အနီး (၄)မိုင်နဲ့ ကန်ပက်လက်လမ်းခွဲ နေရာတို့မှာ တိုက်ပွဲများဖြစ်ခဲ့ပြီး တိုက်ပွဲများအတွင်း မင်းတပ် CDFနဲ့အတူ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ ပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦးက ကျဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
သံချပ်ကာယာဉ်နှစ်စီးကို ပြန်ယူဖို့ စစ်ကောင်စီကြိုးပမ်းနေ
ကလေးမြို့မှ ဟားခါးမြို့ စစ်ဗျူဟာသို့ လက်နက်ခဲယမ်းအင်အားလာပို့တဲ့ သံချပ်ကာယာဉ် နှစ်စီးအပါအဝင် ယာဉ်အစီး ၃၀ ခန့်ပါ ထောက်ပို့ယာဉ်တန်းတစ်ခုလုံးကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့ရာ ဖျက်ဆီးခံရတဲ့ သံချပ်ကာယာဉ်နှစ်စီးကို ပြန်လည်ယူဆောင်ဖို့ စစ်ကောင်စီတပ်က ကြိုးပမ်းနေတယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ သံချပ်ကာယာဉ် နှစ်စီးကို ဖျက်ဆီးထားတဲ့ ဟားခါးမြို့နယ် ချွန်ကျုံးရွာမှာ ချင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာပါ။ သံချပ်ကာယာဥ်ကို စစ်ကောင်စီတပ် ယူဆောင်လို့ မရအောင် ထပ်မံဖျက်ဆီးခဲ့ပြီး အတွင်းပိုင်းပျက်စီးမှုကို မသိရဘူးလို့ ဆလိုင်းထက်နီက ရှင်းပြပါတယ်။

မင်းအောင်လှိုင်လက်အောက်မှာ စစ်ခွေးအခေါ်မခံဘဲ ပြည်သူ့ဘက် ပူးပေါင်းကြဖို့ ချင်းတပ် CNDFတပ်မှူး တိုက်တွန်း
မကောင်းမှုမှန်သမျှ ၊ မတရားမှု မှန်သမျှ အကုန်လုပ်ဆောင်နေတဲ့ မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ လက်အောက်မှာ မနေတော့ဘဲ ပြည်သူ့ဘက် ပူးပေါင်းကြဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) Project Team Leader မဟာဗျူဟာမှူး ဒီဒီက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်တွန်းလိုက်ပါတယ်။ CNDF တပ်မှူး ဒီဒီဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိခဲ့တဲ့ ဖလမ်းမြို့နယ် ဗားရ်စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး ၎င်းကိုယ်တိုင် CDM တစ်ဦးဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်များဟာ မတရားမှုကို တော်လှန်နေကြတာလို့ သူက ဆိုပါတယ်။

စစ်တပ်ဂိတ်တိုက်ခိုက်ခံရမှု သေဆုံးသူတွေထဲ အရာရှိတစ်ဦးပါဝင်ဟု မြင်းခြံခရိုင်တပ်ရင်း(၃) ပြော
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ စစ်ကောင်စီတပ်စွဲထားရာနေရာကို မြင်းခြံခရိုင်တပ်ရင်း(၃)ဦးဆောင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလကုန်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၊ ရဲနဲ့ပျူ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ရာ သေဆုံးသူတွေထဲ အရာရှိတစ်ဦးပါဝင်တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဧပြီ ၂၉ ရက် မနက်အစောပိုင်းက မြင်းခြံအမှတ် ၆ စစ်ဆေးရေးဂိတ်ကို မြင်းခြံခရိုင်တပ်ရင်း(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၁)၊ Burmese Guerrilla Force-BGFကျေးရွာတပ်ပေါင်းစုများ ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ စခန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မြင်းခြံမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်လာလို့ ဆုတ်ခွာခဲ့ရတယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

ဝေါနယ် ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူများကို စစ်ကောင်စီတပ် ဖမ်းဆီးနေ
ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်နယ်မြေရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့နယ်အတွင်းရှိ အရပ်သား ပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီးရိုက်နှက်မှုများလုပ်ဆောင်နေတယ်လို့ ဝေါ(ပ.က.ဖ)အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ ညောင်ခါးရှည်ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးတို့ကို တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဥ်အပြီး စစ်အုပ်စုဟာ ကျေးရွာငါးရွာထက်မနည်းသို့ ၀င်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးရိုက်နှက်မှုများကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီပဲယင်းနဲ့ ရေဦးနယ်စပ် စစ်တပ်စစ်ကြောင်းထိုးမီးရှို့နေ၊ ကျေးရွာ ၂၀ခန့်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနဲ့ရေဦးနယ်စပ် ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်သားအင်အား ၈၀ ခန့်ပါတဲ့စစ်ကြောင်းဟာ မနေ့ မနက်ပိုင်းကစတင်ကာ ရေဦးနယ် မုတ်ဆီကျေးရွာမှတဆင့် ရေဦး၊ ဒီပဲယင်းနယ်စပ် ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်းကျေးရွာများတဝိုက်သို့ စစ်ကြောင်းထိုးလာခဲ့တာလို့ဒေသတွင်းသတင်းရင်းမြစ်များကပြောပါတယ်။

အဲဒီကြောင့် ကျေးရွာပေါင်း ၂၀ နီးပါးမှ ဒေသခံပြည်သူ ၅၀၀၀ ကျော်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

