မန္တလေးတိုင်းထဲက မန္တလေး-စစ်ကိုင်းသွား ကမ်းနားလမ်းပေါ် ဇီဝိတဒါနသံဃာ့ဆေးရုံအနီးမှာ ဒီနေ့ နေ့ခင်းပိုင်း ၂ နာရီခွဲဝန်းကျင်က ကားတစ်စီးပေါက်ကွဲမှုဖြစ်ပြီး ယာဉ်မောင်းသေဆုံးသွားတယ်လို့သိရပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ ကားဟာ နံပါတ် 5C-6080 ဖြစ်ပြီး Isuzu အမျိုးအစား ဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ ပေါက်ကွဲမှုဖြစ်တဲ့ကားဟာ တစစီ ပွင့်ထွက်သွားတာတွေ့ရပါတယ်။
“တစ်စီးလုံးရစရာမရှိဖြစ်သွားတယ်” လို့ အခင်းဖြစ်နေရာကနေပြန်လာခဲ့သူမန္တလေးမြို့ခံတစ်ဦးကပြောပြပါတယ်။
စစ်ကောင်စီရဲ့ ရဲသတင်းဖော်ပြချက်အရ ပေါက်ကွဲမှုဖြစ်ချိန် ဖြတ်သန်းသွားတဲ့ အခြား ကားတစ်စီးလည်းထိခိုက်ပျက်စီးပြီး အဲဒီကားပေါ်က ယာဉ်မောင်းဒဏ်ရာရသွားတယ်လို့သိရပါတယ်။
ဒါအပြင် မိုင်းသယ်လာချိန် ပေါက်ကွဲမှုဖြစ်တာလို့ စစ်အုပ်စုဘက်က ဆိုထားပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
