မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်တို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ပျူစောထီးကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဧပြီ ၂၁ ရက်က မြိုင်မြို့နယ်ရှိ သရက်ကွ ပျူရွာကို ဒေသကာကွယ်ရေးအဖွဲ့များက မွန်းလွဲ ၂ နာရီခန့်က တစ်ကြိမ်၊ ည ၉ နာရီ မိနစ် ၄၀ ခန့်ကတစ်ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ညပိုင်းကျတော့ လက်နက်ကြီးနဲ့ ရွာအရှေ့ဘက်ကနေ့ နှစ်ဖွဲညှပ်ပစ်တာပါ။ ၈လုံးကျော်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဧပြီ ၂၁ ရက်ကပင် ညနေ ၆ နာရီခွဲခန့်က ပေါက်မြို့အဝင်ရှိ အိမ်တွင်းမှုရုံးရှေ့ စစ်ဆေးရေးဂိတ်အား ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီခန့်အထိ ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဧပြီ ၂၃ ရက်) နံနက် ၇ နာရီခန့်ကလည်း ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်း ပျူရွာအား ဒေသကာကွယ်ရေးအဖွဲ့များက လက်လုပ်စိန်ပြောင်းများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဥ်နှင့်များနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်အသိပေးခြင်း မရှိသေးပေ။
မြိုင်နှင့် ပေါက်နယ်များတွင် စစ်အုပ်စုထောက်ခံသည့် ပျူရွာအချို့ရှိပြီး စစ်ကောင်စီတပ်က လက်နက်များ တပ်ဆင်ပေးထားကာ အနီးဝန်းကျင်ကျေးရွာများအား မကြာခဏပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်အုပ်စုနှင့်လိုက်ပါ၍ စစ်ကြောင်းထိုးဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။
