▪︎လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရရှိ၊MDY-PDF တပ်ဖွဲ့ဝင်၁၁ဦးကျဆုံး၊မတ်၁၆ တိုက်ပွဲမှာအပြင်းထန်ဆုံးဖြစ်
နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ များတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY-PDF နှင့် စစ်ကောင်စီတပ်တို့ကြားသုံးပါတ်ဆက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား နေရာ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၁ ဦး ၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် (၁၀၀)ခန့်သေဆုံးခဲ့ကြောင်း MDY-PDF ကထုတ်ပြန်သည်။
ထိုအပြင် စစ်တပ်မှ စစ်ကြောင်းမှူးအပါအဝင် အများအပြားဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကာ၊MDY-PDF ပြည်သူ့ကာကွယ်ရေးရဲဘော်(၁၁)ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှု တစ်ချို့ ရှိခဲ့ကြောင်းလည်းအသိပေးထားသည်။

“ဒီတစ်ခေါက် ကျွန်တော်တို့ဖော်ဆောင်တဲ့ တိုက်ပွဲကတော့ ကျွန်တော်တို့ PDF အနေနဲ့ အကြီးမားဆုံး စစ်ဆင်ရေးလုပ်ဆောင်တယ်လို့ ပြောရင်ရပါတယ်။ ဒီထဲမှာမှ ၁၆ရက်နေ့မှာ ဖော်ဆောင်တဲ့ တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ အပြင်းထန်ဆုံးလောက်သွားကြတယ်ပေါ့။ ကျွန်တော်တို့ ခံစစ်ကုန်းကနေပြီးတော့ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ထိုးလာတာကို ပြန်ပစ်တာ။ ပြန်ပစ်လို့မနိုင်ရလောက်အောင်ကို သူတို့ဘက်က အင်အားသုံးပြီးတော့ ထိုးလာတာမျိုးတွေရှိတယ်။ ၁၆ရက်နေ့က။ ပြီးတော့ လေကြောင်းနဲ့လည်း တစ်နေ့ကုန် ဗုံးကြဲတိုက်ခိုက်တာမျိုးတွေပေါ့လေ။ ၁၆ရက်နေ့တိုက်ပွဲက တော်တော်ပြင်းထန်တယ်လို့ပြောရင် ရပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး) ပြန်ကြားရေးတာဝန်ခံ ကို Osmond က People’s Spring သို့ပြောသည်။
မတ် ၁၆ ရက်တိုက်ပွဲတွင် စစ်တပ်မှသေဆုံး ၊ဒဏ်ရာရသူများပြားခဲ့ကြောင်းလည်းသိရသည်။

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအားPDF များကရှင်းလင်းနိုင်ခဲ့ပုံမှာဧပြီလ (၂၂) ရက်နေ့တွင် မြေပြင်သတင်းအရ ရန်သူ့တပ် အခြေပြုတပ်စွဲထားသည့် ခလရ(၁၄၇) စခန်းကုန်းသို့ မနက်(၃)နာရီခန့်တွင် ချဥ်းကပ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်များက စခန်းကုန်း စွန့်ခွာထွက်ပြေးသဖြင့် MDY-PDF တပ်ဖွဲ့ဝင်များက အစားထိုး နေရာယူခဲ့သည်။ ထို့နောက်PDF များ အခြေပြုနေရာယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင်စစ်တပ် ယူနီဖောင်းဝတ်တဦးပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ တာတိုင်ကျေးရွာနှင့် ငုက္ခလေး ကျေးရွာအကြားတွင် Toyota Corolla အိမ်စီးကားတစီးရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေခံပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားသည်။သတင်းထုတ်ပြန်ရာတွင် တပ်ရင်းမှူး၏ သက်သေခံကတ်ကိုလည်းဖော်ပြထားသည်။ အဆိုပါဓါတ်ပုံနှင့်အချို့သတင်းဓါတ်ပုံများကို People’s Spring ၏ တယ်လီဂရန် ချန်နယ်တွင်ဖော်ပြထားပါသည်။
သေဆုံးခဲ့သောဒုတပ်ရင်းမှူး ၂ ဦးမှာ ခလရ(၂၅၈) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး နှင့် ခလရ (၂၅၃) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး တို့ဖြစ်ကြောင်းသိရသည်။
ဧပြီလ (၅)ရက်နေ့ မှ (၂၂) ရက်နေ့အထိ ၁၈ ရက်ကြာနောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသများတွင် စစ်ကောင်စီတပ်မှ အင်အား (၉၀၀)နှင့်(၁၀၀၀) ကြားဖြင့် MDY-PDF ကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။ ခလရ(၁၄၇) ၊ ခလရ (၂၅၃) ၊ ခလရ (၂၅၈) ၊ ခမရ (၅၀၈) ၊ အမတ (၂၀၆) ၊ ခမရ(၄၁၉) ၊ ခမရ (၁၄)၊ အင်အား(၄၀)ပါ စနိုက်ဘာအထူးတပ်ဖွဲ့နှင့်ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များလည်း ပါဝင် တိုက်ခိုက် ခဲ့သည်။ (၁၈)ရက်တာ တိုက်ပွဲအတွင်း တစ်နေကုန် ရင်ဆိုင် တိုက်ခိုက်ရသော တိုက်ပွဲကြီး (၄) ကြိမ်နှင့် တိုက်ပွဲငယ် (၁၈) ကြိမ် ဖြစ်ပွါးခဲ့သည်။
ရန်သူ့တပ်ဘက်မှ Yak 130၊ MiG 29၊ SU 30၊ K8W အမျိုးအစား လေယာဉ်များ၊ Mi 35 ရဟတ်ယာဉ် များဖြင့် လေကြောင်းတိုက်ခိုက်မှု (၃၃) ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူအနေဖြင့် (၆၀)မမ ၊ (၈၁)မမ ၊ (၁၂၀) မမ ၊ (၁၅၅)မမ များ အလွန်အကျွံ အသုံးပြုခဲ့သည်။
ရန်သူ့တပ်၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးမှုများပြားကာ အရပ်သား (၇) ဦး သေဆုံး အပါအဝင် ဒဏ်ရာရသူ တစ်ချို့ ရှိခဲ့ကြောင်းဖော်ပြသည်။

စစ်တပ်မှ တပ်ရင်းမှူး သေဆုံးခဲ့သောဧပြီလ(၂၂)ရက်နေ့တွင်ပင်နောင်ချိုမြို့ပေါ်ရှိရန်သူ့တပ်၏ခလရ(၁၁၄)နှင့်ခလရ(၁၁၅)တို့အား ရှော့တိုက်ဒုန်း များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ(၁၁၄) တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး ရန်သူ့ တပ်သား (၅) ဦးသေဆုံးခဲ့ကာ ခလရ(၁၁၄) ဒုတပ်ရင်းမှူး သေဆုံးသည်ဟု သိရှိရသော်လည်း ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်းထုတ်ပြန်သည်။
ယမန်နေ့က နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ၏ တပ်မ (၁၁၄)နှင့် (၁၁၅)ကို MDY-PDF များက ပစ်ခတ်တိုက်ခိုက် သောအခါ စျေးဆိုင်များ အားလုံးအစောပိတ်ပိတ်သိမ်းသွားကြပြီး တစ်မြို့လုံးတိတ်ဆိတ်နေကြောင်း ဒေသခံများက ပြောသည်။စစ်တပ်က အတိုက်ခံရပြီးနောက်နံနက် ၁၁နာရီခန့်က ရဟတ်ယာဥ် နှစ်စီး အဆိုပါ တိုက်ပွဲဖြစ်ပွားရာ တပ်မ (၁၁၄)၊(၁၁၅)အနီး ဆင်းသက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
“မနက် ၁၀နာရီလောက်ကဖြစ်နေတာ။ လက်နက်ကြီးသံတွေ ခုထိကိုကြားနေရတယ်”ဟု နောင်ချိုမြို့ခံ တစ်ဦးက ဧပြီ ၂၂ ရက်နေ့လည် ၂နာရီတွင် ပြောသည်။
တိုက်ပွဲကာလ ၁၈ ရက်အတွင်း ရန်သူ့တပ်၏ ခလရ(၁၄၇) တပ်ရင်းမှုး ဒုတိယဗိုလ်မှုကြီး တစ်ဦး ၊ ခလရ(၂၅၈) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး နှင့် ခလရ (၂၅၃) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး အပါအဝင် ရန်သူ့တပ်သား (၁၀၀)ဦး ဝန်းကျင်ထိ သေဆုံးခဲ့ပြီး ခလရ(၂၅၃)မှ စစ်ကြောင်းမှူးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင်စစ်တပ်ထံမှ MA(3) 3 လက် ၊ 5.56 ကျည် အများအပြား ၊ 9မမ ကျည် အတောင့်(၂၀)၊ (60)မမ အသီး (10)လုံး နှင့် အခြား ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)စစ်ဦးစီးအဖွဲ့ ကထုတ်ပြန်သည်။
တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသောကြောင့် နောင်ချိုမြို့နယ်မှ ဒေသခံကျေးရွာများမှ ပြည်သူထောင်ချီ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။
