စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီကင်းစခန်းနှစ်ခုကို အဖွဲ့နှစ်ဖွဲ့ခွဲကာ တပြိုင်နက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်းအမှတ်(၂၇) Black Dragon Force ၏ တပ်ရင်းမှူး K.M.S.Gက ပြောသည်။
ယမန်နေ့ (ဧပြီ၁၉ ရက်)နံနက် ၁၀နာရီခွဲခန့်က မုံရွာမြို့ရှိ စစ်ကောင်စီ တပ်စွဲထားသော မုံရွာစီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်ထောင့် ဘန်ကာအတွင်း ကင်းစောင့်နေသော စစ်ကောင်စီတပ်သား လေးဦးအား အဖွဲ့ (၁)ရဲဘော်များက ကားဖြင့်အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးကြောင်း Black Dragon Force ၏ တပ်ရင်းမှူး K.M.S.G က ပြောသည်။
အလားတူ အဖွဲ့(၂)ရဲဘော်များကလည်း စစ်ကောင်စီတပ်စွဲရာ မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်းသို့ (၄၀) မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်း တပ်ရင်းမှူးက ဆိုသည်။
“မနေ့က (၂)ဖွဲ့ခွဲပြီး Mission စထွက်ခဲ့တာပါ။အဖွဲ့ (၁)က ကားနဲ့အနီးကပ်ဝင်ပစ်ခဲ့တာဖြစ်ပြီး အဖွဲ့ (၂)က အဖွဲ့ (၁)ပြန်ဆုတ်ချိန်မှာ (၄၀)မမနဲ့ ပစ်ခတ်ခဲ့တာပါ။ ကားနဲ့အနီးကပ်ဝင်ပစ်တာက တစ်ကောင်ရခဲ့ပြီး (၄၀)နဲ့ပစ်တာကတော့ အထိအခိုက်ကမသိရသေးပါဘူး။”ဟု Black Dragon Force ၏ တပ်ရင်းမှူး K.M.S.G က ပြောသည်။
စစ်အုပ်စုဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိဟု သိရသည်။
အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force နှင့် Peacock King People Defense Force၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ ရက်ကလည်း မုံရွာမြို့၊ အောင်ဇေယျကွက်သစ်ရှိ စစ်ကောင်စီတပ်ကို SBTF နှင့် မဟာမိတ်များက လက်နက်ကြီးများဖြင့် ၁နာရီခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
