စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ဇေယျကွက်သစ်ရှိ စစ်ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force – SBTFအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (ဧပြီ ၁၈ ရက်) နံနက် ၃ နာရီဝန်းကျင်က မုံရွာမြို့၊ မုံရွာ – ပုသိမ် – ယာကြီး လမ်းဆုံ၊အောင်ဇေယျရပ်ကွက်သစ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို တာဝေးပစ် (၆၀)မမ၊ (၈၀)မမ၊ (၁၂၀) မမတို့ဖြင့် အလုံးရေ ၃၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SBTF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သားများက PDF ရဲဘော်များရှိရာဘက်သို့ ပစ်ခတ်တက်လာ၍ အင်အားမမျှသောကြောင့် ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ရဲဘော်တစ်ဦးမှာ (၈၀)မမ လက်နက်ကြီး ချို့ယွင်းမှုဖြစ်ပြီး အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား စုံစမ်းနေကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
“အောင်ဇေယျကုန်းမှာက အင်အား ၅၀ကျော်ရှိမယ်။ သူတို့ဘက်က အပေါ်အဖွဲ့ကပထမအကြိမ်ပစ်ပြီး မကြာခင်မှာပဲအောက်အဖွဲ့က ရှေ့တိုးလာပြီးပစ်တာ။ ကျွန်တော်တို့ကအဖွဲ့အားလုံးမှ ဂမ်းအစစ် နှစ်လက်ပဲပါတာ။ ကျန်တာ လက်လုပ်နဲ့ လက်နက်ကြီးပဲဆိုတော့ လူအင်အား လက်နက်အင်အား မမျှတာကြောင့် နောက်ဆုတ်ခဲ့ရတယ်”ဟု SBTFအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ အောင်ဇေယျကုန်းရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီးများတပ်ဆင်ထားပြီး မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိသည်ဟု ဒေသခံတို့က ပြောသည်။
ယင်းစစ်ဆင်ရေးကို ယင်းမာပင် – ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့ဝင်များဖြစ်သည့် Salingyi Border Task Force – SBTF (ပကဖ)၊ Eagle Defense Force-EDF၊ ယက္ခညီနောင် /GTF တပ်ခွဲ (၂)၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ Ar Lar Wa Ka အစရှိသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဧပြီ ၁၅ ရက် ညကလည်း SBTFနှင့် ဒေသတွင်းမဟာမိတ်များပူးပေါင်းကာ ယင်းမာပင်မြို့ပေါ်ရှိစုပေါင်းရုံးနှင့် ရဲစခန်းအား (၆၀)မမ ၊(၈၀)မမ ၊(၁၂၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
