▪︎မတ်လဆန်းကဝိုင်ဒင်းရွာPDF စစ်ကြောင်းစီးနင်းခံရမှုတွင်ယခုပျူခေါင်ဆောင်နှစ်ဦးကဦးဆောင်ခဲ့ဟုဆို
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဆိတ်ဖူးကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျူစောထီးခေါင်းဆောင်နှစ်ဦးကို ယမန့်(ဧပြီ ၁၆ ရက်) ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရှင်းလင်းပြီး လက်နက်ခဲယမ်းများပါသိမ်းဆည်းရရှိကြောင်းကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူကပြောသည်။
ပျူစောထီးခေါင်းဆောင်ကျော်ဝင်းနှင့်ဒုခေါင်းဆောင်းမြင့်အောင်တို့ကို ယမန့်နေ့ညနေ ၄နာရီခန့်က PDFများကဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့်ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်ကခမောက်ကြီးမြို့၊ဝိုင်ဒင်းရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုလဲစစ်ကြောင်းကိုပျူစောထီးနှင့် စစ်ကောင်စီတပ်များကတိုက်ခိုက်စီးနင်းရာတွင် ကျော်ဝင်းနှင့်မြင့်အောင်တို့ နှစ်ဦးက ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကပြောသည်။

ဝိုင်းဒင်းရွာတွင် PDF များစီးနင်းတိုက်ခိုက်ခံရစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့သည်။
ပုလဲစစ်ကြောင်းတိုက်ခိုက်ခံရပြီး ရက်ပေါင်း ၄၀ ကျော်ကြာချိန် ဧပြီ ၁၆ ရက်ကဆိတ်ဖူးကျေးရွာသို့ လက်နက်ကိုင် အင်အား ၄၀ခန့်က ခေါင်းစွပ်အမဲဝတ်ဆင်ပြီး လာရောက်၍ အထက်ပါပျူ ခေါင်းဆောင်နှစ်ဦး၏ အိမ်များအားလက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။
“ဦးမြင့်အောင်ကခေါင်းမှာသေနတ်မှန်ပြီးသေတာ။ဦးကျော်ဝင်းက လည်ပင်း၊ ခေါင်းနဲ့ ရင်ညွန့်မှာ မှန်ပြီးသေတာ။”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးကPeople’s Spring သတင်းဌာနသို့ ပြောသည်။
၎င်းတို့ နှစ်ဦးကို ရှင်းလင်းပြီးနောက် Ak-47 နှစ်လက်၊ ကျည် တစ်ရာ၊ ၉ မမ ပစ္စတိုတစ်လက်၊ ကျည်ကာ၄ ထည်၊ ယူနီဖောင်း နှစ်စုံ၊ ဂတ်စ် သေနတ် တစ်လက်၊ ကျည်ဘောက် ၅ခုနှင့် ဓားများ နှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိသည်ဟု ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိဘဲ အောင်မြင်သွာဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်ပြီးနောက် ဒေသခံများသည် ထိုင်းနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ထိုင်းနိုင်ငံဘက်မှ သတင်းဌာနများကဖော်ပြသည်။ မတ်လတွင် ကော့သောင်းခရိုင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့စဥ်ကလည်း ဒေသခံပြည်သူများမှာထိုင်းဘက်ခြမ်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအနေဖြင့်ပြည်သူနှင့်အတူအမြန်ဆုံးပူးပေါင်းကြရန်နှင့် စစ်ကောင်စီ ထောင့်တိုင်များကိုဆက်လက်ချေမှုန်းသွားမည်ဟုလည်း ကော့သောင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးထားသည်။
