▪︎ပဇီကြီးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲခဲ့၊ တရုတ်ထုတ်တိုက်ယာဥ်ပါ အသုံးပြုခဲ့
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာမှာ YAK-130ဂျက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့သလို တရုတ်နိုင်ငံထုတ် A5 Jet Fighter ကိုလည်း အသုံးပြုခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ လက်နက်ခဲယမ်းကျွမ်းကျင်သူ ကိုမင်းမင်းက ပြောပါတယ်။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲဲမှာ ပြောဆိုတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီတပ်က ပဇီကြီးကျေးရွာကို လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး NUG ရဲ့နောက်ဆုံးရရှိတဲ့ စာရင်းအရ သေဆုံးသူပြည်သူ ၁၆၈ ဦးရှိပါတယ်။


▪︎ပဇီကြီးလေကြောင်းတိုက်ခိုက်ခံမှုကြောင့်သေဆုံးသူတွေမှာ ပကဖ၊ပလဖ၊ ပအဖ စုစုပေါင်း ၁၈ဦးသာပါဝင်ပြီးကျန် ၁၅၀ မှာပြည်သူတွေဖြစ်
ကန့်ဘလူနယ် ၊ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေ ကြောင်းကတိုက်ခိုက်တာမှာသေဆုံးသူတွေမှာပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)နဲ့ ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)တာဝန်ယူထားသူ ၁၈ ဦးသာပါဝင်ပြီးတော့ ကျန် ၁၅၀ ဦးလုံးကပြည်သူများသာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကထုတ်ပြန်ပါတယ်။

ဧပြီ ၁၁ ရက်ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ၊ရပ်ရွာအဆင့်ပြည်သူ့ကာကွယ်ရေး(ပကဖ) တာဝန်ထမ်းဆောင်နေတဲ့ ၁၂ ဦး ၊ပြည်သူ့လုံခြုံရေး (ပလဖ) တာဝန်ထမ်းဆောင်နေသူ ၂ ဦးနဲ့ ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)တာဝန်ထမ်းဆောင်နေသူ ၄ ဦးဖြစ်ပါတယ်။သူတို့ရဲ့ အမည်အသက်များကိုပါအသေးစိတ်ထုတ်ပြန်ထားပြီးတော့ ပကဖ ၊ပလဖ ၊ဖအဖတွေအားလုံးဟာပဇီကြီးကျေးရွာကဖြစ်တယ်လို့သိရပါတယ်။ သေဆုံးခဲ့သူ ၁၆၈ ဦးရဲ့အမည် ၊အသက် ၊ ကျေးရွာစတာတွေကိုအသေးစိတ်ဖော်ပြထားတဲ့စာရင်းကို NUG ကပထမဆုံးအကြိမ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ကွယ်လွန်ခဲ့သူတွေထဲမှာ ပဇီကြီးရွာက ၁၄၁ ဦးနဲ့အများဆုံးဖြစ်ပြီးတော့ ရွာသာယာက ၁၄ ဦး၊ လေးတွင်းစင်မှ ၄ဦး ၊ကျောက်တံခါးမှ ၄ဦး ၊ မယ်ဇတောမှ ၂ ဦး ၊ သာယာမွန်မှ ၁ ဦး ၊ ကျောက်မြေမှ ၁ ဦး ၊ ထနောင်းကိုင်းကြီးရွာမှ ၁ဦးစီတို့ဖြစ်ပါတယ်။

▪︎ပဇီကြီးရွာကျဆုံးပြည်သူများအတွက် မနက်ဖြန် မီးပိတ်သပိတ်ဆင်နွှဲဖို့ တိုက်တွန်း
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ကျဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၁၆၈ ဦးရဲ့ ရက်လည်ဖြစ်တဲ့ မနက်ဖြန် နှစ်ဆန်းတစ်ရက်မှာ တစ်နိုင်ငံလုံး မီးပိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုများက တောင်းဆိုလိုက်ပါတယ်။ မီးပိတ်တိတ်ဆိတ်မှုနဲ့ အကျယ်လောင်ဆုံးတုန့်ပြန်မှု (Blackout Strike) ကို ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ ည ၈ နာရီမှစတင်ပြီး ၅ မိနစ်အကြာ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ပဇီကြီးကျေးရွာမှ အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းစာနာခြင်းကို ဖော်ပြတဲ့အနေနဲ့ နေအိမ်မှာ ဖြစ်စေ၊ မိမိရောက်နေတဲ့ နေရာ၊အရပ်မှာဖြစ်စေ မီးပိတ်တိတ်ဆိတ်ငြိမ်သက်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တိုက်တွန်းနှိုးဆော်ပါတယ်။
▪︎ဟားခါးမြို့အနီးတိုက်ပွဲဆက်ဖြစ်၊နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ
ချင်းပြည်နယ် ဟားခါးမြို့နဲ့ အနီးမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ နှစ်ဖက် ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ သူက အသိပေးပါတယ်။ ဧပြီ ၁၄ ရက် တိုက်ပွဲမှာ CNA ရဲဘော် နှစ်ဦးဖြစ်တဲ့ ဒရုန်းဆရာ ဗိုလ်လိုင်းရှိန်းထက်အောင်နဲ့ ဗိုလ်ဆလိုင်းဗန်ဗျက်ထောင်းတို့ ကျဆုံးခဲ့တာလို့ The Chin Journalက ဖော်ပြပါတယ်။

▪︎နောင်ချိုနဲ့ ပြင်ဦးလွင်နယ် ၁၀ ရက်တာ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိ
မန္တလေးနဲ့ ရှမ်းပြည်နယ် အစပ် နောင်ချိုနဲ့ပြည်ဦးလွင်ဒေသမှာ ဧပြီလဆန်းပိုင်းကနေ သင်္ကြန်အကျရက်အထိ စစ်ကောင်စီတပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲတွေ ပြင်းပြင်းထန်ဖြစ်ပွားကာ နှစ်ဖက် အကျအဆုံးရှိခဲ့တယ်လို့ မန္တလေး PDF က အသိပေးပါတယ်။ တိုက်ပွဲဟာ ဧပြီလ ၅ ရက်ကနေ စတင်ပြီး သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့အထိ ဖြစ်ပွားတာလို့သိရပါတယ်။ ၁၀ ရက်တာတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦးရှိတယ်လို့ မန္တလေး PDF က ဖော်ပြပါတယ်။ စစ်ကောင်စီဘက်က အင်အား ၉၀၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၇၅ ဦးခန့်ကျပြီး ဒဏ်ရာရသူ ၆၀ ဝန်းကျင်ရှိတယ်လို့ ဆိိုပါတယ်။

▪︎ပုလောကုန်းရွာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရ
တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲဲ့ စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်းက ပြောပါတယ်။ ပုလောကုန်းရွာမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်၊ ပျူစောထီး ၁၀ ဦးခန့် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ တိုက်ခိုက်ခဲ့တာပါ။ ပုလောကုန်းတပ်စခန်းနေရာကို (၄၀) မမများ၊ လက်နက်ငယ်များနဲဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူးလို့ ပူရိယက္ခညီနောင်စစ်ကြောင်းက ပြောပါတယ်။

▪︎ရွှေဘိုမြို့လျှပ်စစ်ရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ လျှပ်စစ်အင်ဂျင်နီယာဂျာရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ဒေသခံများက ပြောပါတယ်။ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ညနေပိုင်းမှာ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လျှပ်စစ်အင်ဂျင်နီယာဂျာရုံးကို PDF ရဲဘော်များက လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီနေ့ မနက်ပိုင်းမှာ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်ကို ဒေသတွင်း PDFများက လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိတယ်လို့ ဒေသခံက ပြောပါတယ်။
