မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့တွင် စစ်ကောင်စီတပ်သားများက သင်္ကြန်လည်ပတ်သော လူငယ်များအား ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
သင်္ကြန်လည်ပတ်သော အမျိုးသားနှစ်ဦးစီးနင် လာသည့် ဆိုင်ကယ်များအားဖမ်းဆီးခြင်း၊ စစ်သားနှင့်ရဲများက ယူနီဖောင်းများ၊ အရပ်ဝတ်များဖြင့် မြို့တွင်းလှည့်၍ ရေကစား ပြည်သူများအားပါးရိုက်ခြင်း၊ ထိုင်ထ လုပ်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း မြို့ခံအချို့က ပြောသည်။
ထို့အပြင် မြို့အဝင်ဂိတ်များမှာလည်း ခရီးသွား ပြည်သူများထံမှ အဓမ္မငွေတောင်းခံနေကြောင်း မြို့ခံများက ပြောသည်။
“ဂိတ်တွေက အရက်ဖိုး၊ မုန့်ဖိုးတောင်းရမ်းတာတွေ ပိုများလာတယ်။ တောင်းရမ်းမရသော ဆိုင်ကယ်တွေကားတွေဆို ဆဲဆိုပြီး စစ်ဆေးတယ်။ ပါးရိုက်၊ ထိုင်ထလုပ်ခိုင်းတာတွေတောင်ရှိတယ်။”ဟု ငါန်းဇွန်ဒေသခံတစ်ဦးက ပြောသည်။
ငါန်းဇွန်မြို့တွင်းတွင် စစ်ကောင်စီက မဏ္ဍပ်ပြုလုပ်ထားသော်လည်း ၎င်းတို့အားထောက်ခံသူ လူနည်းစုသာရှိနေကြောင်း ဒေသခံများက ပြောသည်။
မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့တွင်မူ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ပင် ပြုလုပ်နိုင်ခြင်းမရှိပေ။
