စခန်းနေရာကို KNLA မီးရှို့ဖျက်ဆီး၊ ရွှေ့သည့်နေရာတွင်လည်း ချဉ်းကပ်တိုက်ခိုက်မှုကြုံရမည်ဟု ပြော
မယ်ခါးထာစခန်းသိမ်းပိုက်ခံရပြီး ၁၂ရက်အကြာ စခန်းကို စွန့်ခွာခြင်းဖြစ်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် မဲဝိုင်(မယ်ဝေ)ဒေသရှိ စစ်ကောင်စီတပ်စခန်းသည် ဧပြီ ၉ရက်တွင် စခန်းတစ်ခုလုံး စွန့်ခွာပြီး အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
အဆိုပါတပ်စခန်းသည် အင်အား ၅၀မှ ၁၀၀ကြားရှိပြီး အဆိုပါဒေသ၌ နှစ်ပေါင်း (၃၀)ကျော်ကြာတပ်စွဲထားသည့် စခန်းဖြစ်သည်ဟု ဆိုသည်။
“အဲဒီစခန်းတည်တဲ့နေရာက သူ့ပတ်ပတ်လည်က လယ်ကွင်းပေါ့။ တစ်ဖက်မှာကျတော့ ဘုန်းကြီးကျောင်းနဲ့ရွာ။ ဘုန်းကြီးကျောင်းနဲ့ရွာကတော့ သူတို့ လက်နက်ကြီးနဲ့ ပစ်တဲ့အခါကျတော့ ရွာသားတွေက မနေထိုင်တော့ ထွက်ပြေးတာပေါ့။ ထွက်ပြေးတော့ သူတို့ စစ်တပ်ပဲ ကျန်တာ။ ကျန်တော့ အဲဒီမှာ ကျနော်တို့တပ်က အမြဲတမ်းသွားချထားတာ။ ချထားတော့ သူတို့ ထွက်လို့မတက်ဘူးပေါ့။ ရိက္ခာလမ်းကြောင်းလည်းပိတ်တယ်။ စစ်ကူလာလည်း သူများ ဖြတ်တောက်တာခံရတယ်။ နောက်ရိက္ခာလည်း လေကြောင်းကလာချရတာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ(၅) ရဲဘော်များက အဆိုပါမဲဝိုင်စခန်းကို တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။
“နောက် သူများချောင်းပစ်လို့ တစ်ပတ်ဆိုရင် တစ်ယောက်၊ နှစ်ယောက် သေတာ ၊ မသေလည်း ဒဏ်ရာရတာ အဲဒီလိုပေါ့။ လူနာလည်းကုရတာတစ်ဖက် စစ်ကူကလာပြီး သယ်ဖို့ကလည်း လေယာဉ်နဲ့ဆိုလည်း လူနာက အမြဲတမ်းရှိတယ်။အဲဒီလိုမျိုးပေါ့။ သူတို့အင်အားထပ်ပို့လည်း အဲဒီလိုပဲ ထပ်ဖြစ်တော့ စစ်ရေးအရ သူတို့တွက်တာ မကိုက်ဘူးပေါ့။ မကိုက်တဲ့အခါ သူဆုတ်တဲ့သဘောပါ။ ကျနော်တော့ အဲဒီလိုပဲတွက်တယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ် ဆုတ်ခွာသွားသည့် တပ်စခန်းနေရာကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ၎င်းက ပြောသည်။
“နောက်မလာနိုင်အောင်ပေါ့။ သူတို့ ပြန်မလာတော့ဘူးနဲ့ထင်တယ်။ ပြန်လာဖို့လည်း သူတို့ စစ်အင်အားလည်း မပြည့်စုံတော့ဘူး။ အခု ရွှေ့ထားတဲ့နေရာလည်း သူများသွားချဉ်းကပ်မှာပဲ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ကရင်သတင်းဌာန KIC၏ဖော်ပြချက်တွင် မဲဝိုင်စခန်းမှ တပ်စွဲထားသည့် ခလရ(၉၆) မှ တပ်ဖွဲ့ဝင်များသည် ခလို့ခီးရွာရှိ တောင်ကုန်းပေါ်သို့ ပြောင်းလဲတပ်စွဲထားကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို၏ ပြောကြားချက်ကို ဖော်ပြထားသည်။
KNU တပ်မဟာ(၅)သည် နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ မတ်လ ၂၈ရက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ခါးထာ တပ်စခန်းကို သိမ်းပိုက်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်း ၂၀ကျော်သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။
