BGF စခန်းတစ်ခုကို သိမ်းပိုက်၊ တော်လှန်ရေးရဲဘော်လေးဦး ကျဆုံး
ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ သုံးရက်အတွင်း ၂၀ခန့် သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားမှုနေရာကို ဖော်ပြမထားသော်လည်း ဧပြီ ၁၀ရက်မှ ၁၃ရက်အတွင်း စစ်ရေးအခြေအနေကို အသိပေးထားခြင်းဖြစ်သည်။ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့သည် မြ၀တီနယ်တွင် မတ်လ ၂၅ရက်မှစတင်၍ စစ်ဆင်ရေးလုပ်ဆောင်နေခြင်း ဖြစ်သည်။

ဧပြီ ၁၀ရက်တွင် ရန်သူ့ဘက်က လက်နက်ကြီးပစ်ခတ်ခြင်းမှအပ ထိတွေ့မှု ဖြစ်စဉ်မရှိကြောင်း၊ ဧပြီ ၁၁ရက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်အသုံးပြုပြီး လေကြောင်း ပစ်ကူရယူ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ခဲ့ရာ ရန်သူ့ဘက်က ၆ ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ လေးဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၂ရက်)တွင် ပူးပေါင်းတပ်ဖွဲ့က BGF စခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ရာ ရန်သူ့ဘက်က ၁၀ဦး သေဆုံးပြီးအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။ ယင်းစခန်းသိမ်းတိုက်ပွဲ၌ လက်နက် (၁၁)လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ယနေ့တွင်လည်း ကျောက်မိုင်း BGFစခန်းကုန်းအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။
ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့သည် မြ၀တီမြို့နယ်နှင့် ဆက်စပ်ဒေသများကို မတ်လ ၂၅ရက်ကပြီး စစ်ဆင်ရေးဆောင်ရွက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု၊ အရှင်ဖမ်းဆီးခံရမှုများခဲ့ပြီး တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးထိခိုက်ရှိခဲ့သည်။
