သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်အများစုက ခရီးသည်နည်းပါးသည်ကို အကြောင်းပြ၍ ယာဉ်စီးခ တိုးမြှင့်ကောက်ခံနေသည်။
“တစ်ယောက်ငါးရာ ကောက်နေတာ။ မှတ်တိုင်နီးလည်း ငါးရာပဲ”ဟု ယနေ့ YBS-65 စီးနင်းသူတစ်ဦးက ပြောသည်။
သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းအားလုံး မပြေးဆွဲသောကြောင့် ကားသမားများ၏ အပိုကြေးကောက်ခံမှုအပေါ် ငြိမ်ခံနေရသည်ဟု ၎င်းက ဆိုသည်။
ခရီးသည်နည်းပါးသည်ဟု ဆိုသော်လည်း ယနေ့ပြေးဆွဲနေသည့် ယာဥ်အများစုတွင် ခရီးသည်များ ယာဥ်ပေါ်အပြည့်ပါရှိကြောင်း ခရီးသည်တစ်ဦးက ပြောသည်။
သတ်မှတ်ထားသည်ထက်ပို၍ ကောက်ခံသည့်ငွေသည် လက်လုပ်လက်စား ခရီးသွားများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
ယင်းကဲ့သို့ကောက်ခံမှုအပေါ် ယာဉ်လိုင်းများ၏ သက်ဆိုင်သည့် ကုမ္ပဏီများအား တိုင်ကြားမှုပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုသည်။
အာဏာသိမ်းကာလမတိုင်မီက အထူးယာဥ်များမှလွဲ၍ YBS ယာဉ်များကို ကျပ် ၂၀၀သာ ကောက်ခံရန်သတ်မှတ်ထားသော်လည်း အာဏာသိမ်းသည့်အချိန်ကတည်းက ယာဉ်စီးခများသည် ယာဉ်မောင်းများသတ်မှတ်သည့် ပမာဏအတိုင်း ခရီးသည်များက ပေးဆောင်နေရသည်။
