မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့လိုက်ပါလာသော ယာဥ်အားပစ်ခတ်တိုက်ခိုက်ရာ ယာဥ်ပေါ်ပါ သုံးဦးစလုံးသေဆုံးပြီး သေနတ်သုံးလက်သိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃) – Myingyan District Army – MDA (3) အဖွဲ့က သတင်းထုတ်ပြန်သည်။
ဧပြီ ၁၀ရက် ညနေ ၆နာရီခွဲခန့်က မြင်းခြံ – ညောင်ဦးလမ်း၊ ကျောဇီရွာနှင့် တမိုက်သာကျေးရွာ ကြားတွင် တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် တင်ဆန်းဦးနှင့်အဖွဲ့လိုက်ပါလာသော အိမ်စီးကားတစ်စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူခေါင်းဆောင်အုပ်ကြီးနှင့် ပျူအဖွဲ့ဝင် လှိုင်မြင့်ဦး အပါအဝင် သုံးဦးသေဆုံးကာ ကာဘိုင်သေနတ် သုံးလက်သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan District Army – MDA (3)အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်၍ Myingyan District Army – MDA (3) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
“ထန်းပင်ကန်တံတားအနောက်ဘက် ကန်ရွာလမ်းခွဲနားမှာ ထန်းပင်ကန်ပျူအုပ်ကြီးမောင်းလာတဲ့ ကားအပစ်ခံရတာ။ အုပ်ကြီးရယ် ပျူတစ်ကောင်ရယ် စခတစ်ကောင်သေတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း – Burmese Guerrilla Force – BGF နှင့် Zero-Nine ပြောက်ကျားတပ်တို့ ပူးပေါင်းကာ တော်လှန်သင်္ကြန် အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
တောင်သာမြို့နယ်တွင် ပျူစောထီးအင်အားကောင်းသည့် ကျေးရွာအများအပြားရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ပါတပ်ဆင်ပေးထားသည်။
