▪︎သေဆုံးသူ တစ်ရာဝန်းကျင်ရှိနိုင်ပြီး ၊ကိုယ်ဝန်ဆောင်မိခင်အချို့ပါဝင်ဟုကယ်ဆယ်ရေးလုပ်နသူများပြော
ကန့်ဘလူနယ်မြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့်သေဆုံးသူများတွင် အသက် ၄နှစ်မှ ၁၈နှစ်ကြားကလေးငယ် ၁၈ ဦးနှင့် ကိုယ်ဝန်သည်မိခင်အချို့လည်း ပါဝင်ကြောင်း မြေပြင်တွင်ကယ်ဆယ်ရေးလုပ်နေသူများကပြောသည်။
” သေဆုံးတဲ့အထဲ ၁၈နှစ်အောက် ကလေး ၁၈ယောက် ပါတယ်။အဖေနဲ့အတူ လိုက်လာရင်း သေဆုံးတာမျိုး။ မိသားစုဝင်တွေ လာရင်း သေဆုံးတာမျိုးတွေ။ အခုထိ ရုပ်အလောင်းတွေ စီတန်းထားရတုန်းပါ” ဟု ဒေသခံတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။
ကလေးငယ် ၁၈ဦးတွင် မိန်ကလေး ၇ဦးပါဝင်သည်ဟု မြေပြင်တွင်ကယ်ဆယ်ရေးလုပ်ပေးနေသော ဒေသခံတစ်ဦးကပြောသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့လည်းပါဝင်သည်ဟု ဒေသခံများကပြောသည်။
သေဆုံးသူအရေအတွက်ကို အတိအကျမသိရသေးသော်လည်း တစ်ရာဝန်းကျင်အထိ ရှိနိုင်ပြီး ဒဏ်ရာရသူများစွာလည်းရှိကြောင်းသိရသည်။စစ်ကောင်စီတပ်သည် အရပ်သားများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားခြင်းဟု ဒေသခံများက ပြောသည်။
ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီး၊ Mi-35တစ်စီးဖြင့် ယနေ့(ဧပြီ ၁၁ရက်) နံနက် ၇နာရီ ၄၅ မိနစ်တွင် ရှေ့ဆင့်နောက်ဆင့်ပစ်ခတ်သွားခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံချပြီးနောက် ရွာပတ်ချာလည်ကို Mi-35မှ စက်သေနတ်ဖြင့် လှည့်ပတ် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။
