ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ဗန်းမော်မြို့နယ်ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်းမှ ၂ရက်ဆက် တိုက်ခိုက်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ရွှေကူမြို့ရဲ့ ပတ်ဝန်းကျင်မှာပေါ့။ ရွှေကူနဲ့ ဗန်းမော်ကြားမှာ ဒါပေမဲ့နီးတာက ရွှေကူနဲ့ နီးတယ်။ အဲဒီနေရာမှာ စကစ ဘက်ကလည်း စစ်ကြောင်းတွေ ဝင်သွားပြီး လှုပ်ရှားတာကို ကျနော်တို့ KIAနဲ့ KPDF တွေ ပူးပေါင်းတဲ့တပ်ဖွဲ့တွေက အဲဒီနေရာမှာ ကြားဖြတ် ခုခံတိုက်ပွဲတွေဖြစ်တာရှိပါတယ်။ ဒါက သုံးရက်လောက်ရှိပါပြီ။ စကစဘက်ကလည်း နည်းနည်းအထိနာတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဒါကြောင့် သူတို့က လေကြောင်းကနေလည်း နှစ်ရက်ဆက်တိုက်လာပြီးမှ ဗုံးကြဲတိုက်ခိုက်တာတွေ ကျနော်တို့ တွေ့ရပါတယ်”ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ မနက်တွင် ပြောပြသည်။
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကျေးရွာများရှိ ပြည်သူလူထုနေအိမ် ထိခိုက်ပျက်စီးမှု၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရမှုများရှိကြောင်း ၎င်းက ဆိုသည်။
ရွှေကူ KPDF သတင်းပြန်ကြားရေးဌာန တာဝန်ခံကလည်း ရွှေကူမြို့နယ် စီသာရွာအနီး ဧပြီ ၅ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်က စစ်ကြောင်းမှူး အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ဟု ယမန်နေ့တွင် People’s Spring သို့ ပြောကြားသည်။
ထို့ကြောင့် ဧပြီ ၅ရက်တွင် စီသာရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီ ၆ရက် ယမန်နေ့တွင်လည်း ရွှေကူနယ် တုံးကောက်ရွာနှင့် စီသောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းလုပ်ဆောင်ခဲ့သည်ဟု ရွှေ့ကူKPDF တာဝန်ရှိသူက ပြောသည်။
ရွှေကူနယ်တွင် မတ်လ ၂၃ရက်မှစ၍ တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၅ရက်၊ မတ်လ ၃၀ရက်နေ့များ၌ လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
