ကလေးမြို့နယ်၊ မြောက်ဘက် ပျဉ်းတောဦးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး အကြီးအကျယ်သုံးပြီး ထိုးစစ်ဆင်နေကြောင်း ဒေသခံကာကွယ်ရေးတပ်များမှ တာဝန်ရှိသူများကပြောသည်။
ကလေးမြိုနယ်၊မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မတ် ၃၀ ရက်ကတည်း ထိုးစစ်ဆင်နေပြီး ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များရှိနိုင်သည့် ထင်သော နေရာများကို လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။
“လက်ပံချောင်းမှာ NUG PDFတွေရှိတယ်ထင်လို့ ထိုးစစ်ဆင်လာတာ တနေကုန်လက်နက်ကြီးလည်း မနားသေးဘူး။ လက်နက်ကြီး အကြိမ် ၅၀ အနည်းဆုံးပစ်နေပါတယ်၊ အခုထိကို မနားသေးဘူး”ဟု အထက်ချင်းတွင်းဒေသ CNO/ CNDFတာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်က ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ တစ်စီးနှင့် ရဟတ်ယာဉ် ၃ စီးဖြင့်တိုက်ခိုက်နေခြင်းဖြစ်ပြီး Mi17 ရဟတ်ယာဉ်ဖြင့်လည်းလူအင်အားထပ်ဖြည့်နေသည်ဟု အထက်ပါတာဝန်ရှိသူကဆက်ပြောသည်။
“ အရင်က တူးမီးနဲ့ တိုက်ရာကနေ ပြည်သူ့တွေမှာ မောင်းပြန်သေနတ်တွေရှိတော့ သူတို့ကိုယှဉ်နိုင်မှာကြောက်ပြီး ရဟတ်ယာဉ် ၃ စီးနဲ့ ဂျက်ဖိုက်တာ တစ်စီးရယ်သုံးပြီးတိုက်နေတယ်” ဟုအထက်ချင်းတွင်းဒေသ CNO/ CNDFတာဝန်ရှိသူကပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် ပျဉ်းတောဦးရွာကို ဝင်မွှေနေပြီး ပြည်သူ့အိုးအိမ်များကို မီးရှို့နေသည်ဟု ၎င်းကဆိုသည်။စစ်ကောင်စီအင်အားသည် ၁၀၀ကျော်ရှိသည်ဟုလည်းသိရသည်။
စစ်ကောင်စီတပ်သည် လက်ပံချောင်းရွာအနောက်မြောက်ရှိ ပျူစောထီးရွာမှ ချမ်းသာကြီးရွာကို စစ်ကြောင်းထိုးလာစဉ် လက်ပံချောင်းရွာမရောက်ခင် မတ်၃၀ရက်က ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား မတ် ၃၁ ရက်မှ ယမန့်နေ့( ဧပြီ ၃ ရက်)အထိတိုက်ပွဲများဆက်တိုက်ပြင်းထန်နေခြင်းဖြစ်သည်။
လေးရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှာအနည်းဆုံးစစ်သား ၁၀ကျော် ထိခိုက်သေဆုံးမှုရှိကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်များကပြောသည်။ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးကို အများအပြားအသုံးပြုနေသောလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှု မရှိကြောင်း တာဝန်ရှိသူများကပြောသည်။
စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ပံချောင်း၊မြောက်ချောင်း၊ ချင်းရွာ၊ပျဉ်းတော်ဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ် ၊ ဆည်ကြီးစသည့် ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာ ၂၀ခန့်ပြည်သူ သုံးသောင်းကျော်ထွက်ပြေး တိမ်းရှောင်နေရသည်။
