▪︎စစ်တပ်ကအထိနာ၍လေကြောင်းအသုံးပြုတိုက်ခိုက်၊ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ရွာရဲစခန်းအား ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့၍ စခန်းကိုအပြည့်အဝမသိမ်းနိုင်ခဲ့ဘဲစခန်းထက်ဝက်ကျော်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း PDF များက ပြောသည်။
ဂန့်ဂေါမြို့နှင့် ၂၇ ဝန်းကျင်ကွာဝေးသော ကန်ရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကယမန့်နေ့(မတ် ၃၁) နံနက် ၅နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အင်အား ၇၀ ခန့်ရှိသောစခန်းရှိရဲများမှာသေဆုံးဒဏ်ရာရခြင်း ၊ထွက်ပြေးခြင်းများဖြင့် အထိနာနေချိန်တွင်စစ်ကောင်စီတပ်က Mi 35တိုက်ခိုက်ရေးရဟတ်ယာဥ်နှင့် ဂျက်ဖိုက်တာယာဥ်များ အသုံးပြု၍ နံနက် ၁၀ နာရီကျော်တွင် စစ်ကူပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ရဟတ်ယာဉ်နဲ့ လာပစ်ပြီး အင်အားဖြည့်ဖို့ လူထပ်ချတယ်။ အနည်းဆုံး လေးခေါက်လောက်လာဖြည့်တယ်”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
တိုက်ပွဲအသေးစိပ်အခြေအနေကို မသိရသေးသော်လည်းစခန်းရှိ ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးခဲ့သည်ကို ရုပ်အလာင်းများမျက်မြင်တွေ့ခဲ့ရသည်ဟုPDF များကပြောသည်။ထိုအပြင်အချို့ရဲများ ထွက်ပြေးခြင်း၊ရဲတပ်ဖွဲ့ဝင်မိသားစုအချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။စစ်ျကာင်စီရဲများထံမှ အနည်းဆုံး လက်နက် ၅လက် ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။
ရဲစခန်း၏ ထက်ဝက်ကျော်ကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ချိန်တွင်စစ်တပ်မှ လေကြောင်းအကူရောက်လာ၍ ဗျူဟာကုန်းနှင့် ၎င်း၏ ဘန်ကာတို့ ကိုမဖျက်ဆီးနိုင်ခဲ့ဘဲ စခန်းတစ်ခုလုံးမသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း တိုက်ပွဲဝင်ခဲ့သောရဲဘော်များကပြောသည်။
တိုက်ပွဲမှာ ယမန်နေ့ညနေပိုင်းအထိ့ဖြစ် ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အနည်းဆုံးနှစ်ဦးကျဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိသူများရှိသည်ဟုလည်းစုံစမ်းသိရှိရသည်။ ထိခိုက်မိသူအများစုမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁,၀၀၀ခန့်ရှိသည့် ကန်ရွာမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ (ဧပြီ ၁ ရက်)အထိမပြန်နိုင်ကြသေးကြောင်းဒေသခံများက ပြောသည်။
စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်များက ကန်ရွာတိုက်ပွဲသည် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့၍ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်နေကြောင်း မတ် ၃၁ ရက် နေ့ခင်းပိုင်းတွင် ဝါဒဖြန့်ချီနေခင်းပိုင်းတွင် သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မကွေးတိုင်းရှိ PDFများကို လက်နက်တပ်ဆင်ပေးနေပြီဖြစ်ကြောင်း ကြေညာပြီးနောက် မကွေးတိုင်းအတွင်း ပထမဦးဆုံး စခန်းသိမ်းတိုက်ပွဲဖြစ်သည်။
