ပြီးခဲ့သည့်တစ်လကျော်အတွင်း ရှမ်း – ကရင်နီပြည်နယ်အစပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံး ပြီး ၁၀၀ထက်မနည်း ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF တပ်ရင်း(၂)က ယနေ့ အသိပေးထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ခဲ့သည့် ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ထိုကဲ့သို့ သေဆုံးထားပြီး ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်ကို ခုခံရာတွင် ကရင်နီတပ်ပေါင်းစုမှ ၁၂ ဦးကျဆုံးခဲ့ကာ ၁၅ ဦး အထက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“ ထိတွေ့မှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့(စစ် ကောင်စီ)ဘက်က ထိခိုက်သေဆုံးတာတွေများနေတာကြောင့် အခုနောက်ပိုင်း သူတို့ဘက်က စစ်ဆင်ရေး ပြောင်းလာတယ်။အထူးသဖြင့် လေကြောင်းပစ်ကူ အဆမတန်ယူလာတယ်။ပေါင် ၅၀၀ ဗုံးတွေကို သုံးတယ်။ဒါတွေကို ကျွန်တော်တို့ အနေနဲ့ တုံ့ပြန်နိုင်ဖို့ ကြိုးစားနေတယ်” ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ရှမ်း-ကယား ပြည်နယ်အစပ်တွင် 1007 Mobye PDF၊ Phekhon Zone(KNDF)၊ 1001 Mobye PDF၊ 1002 PK PDF ၊ PNDF(KK)၊ DMO PDF ၊ DMO Local PDF ၊ 1009 IPDF ၊ 1008 SSRY နှင့်မဟာမိတ်တပ်ပေါင်းစုက စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်နေသည်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းမှူး အပါအဝင် အရာရှိများ သေဆုံးနေပြီး လက်နက်ခဲယမ်းအမြောက်အများနှင့် စစ်ကောင်စီတပ်သားအချို့ကို ဖမ်းမိထားသည်။
အထိနာနေသော စစ်ကောင်စီတပ်က ယခုလပထမပတ်အတွင်း ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာ သုံးပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့်။


ထို့အပြင် လေကြောင်းပစ်ကူ အနေဖြင့် ယနေ့အထိ တိုက်ခိုက်မှု ၂၆ ကြိမ်ရှိကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်ဘေးရှောင်များခိုလှုံရာနေရာများကိုလည်း လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲ PDF တပ်ရင်း (၂)က အသိပေးသည်။
ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုကိပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်ရန် ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ပေးကြရန်လည်း Mobye PDF က တိုက်တွန်းသည်။
