စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသောတိုက်ပွဲ၌ မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)မှ ရဲဘော် ငါးဦးကျဆုံးခဲ့ရသည်။
မတ်လ ၂၄ရက်က စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ ရဲဘော်ဖေကြီး၊ ရဲဘော်ပွကြီး၊ ရဲဘော်အရှည်ကြီး၊ ရဲဘော်ဘီလူးနှင့် ရဲဘော်ကျောက်ဆည်တို့ ကျဆုံးခဲ့ရကြောင်း MRAက အသိပေးသည်။
ရဲဘော်များ၏ စွန့်လွှတ်စွန့်စားမှုနှင့်သတ္တိကို အစဥ်အောက်မေ့လျက် ပြည်သူ့တော်လှန်ရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု MRAက ကတိပြုထားသည်။
ဖြစ်စဥ်နှင့်ပတ်သတ်၍ MRAထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
“ (စစ်ကောင်စီဘက်ကသေဆုံးမှု)ခန့်မှန်းခြေစုစုပေါင်း ၅၀နီးပါးလောက်ရှိမယ်။ ဒဏ်ရာရတဲ့သူလည်းတော်တော်များတယ်။ မတ်လ ၂၃ရက်မှာ တိုက်ပွဲထပ်ဖြစ်တယ်။ ကိုယ့်ဘက်က ငါးယောက်ကျတယ်လို့ သိရတယ်။” ဟု SPDF -မြင်းခြံခရိုင်တပ်ရင်း (၃) တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီး မြောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် မတ်လ ၁၂ ရက်တွင် အင်အား ၂၀၀ခန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းအား ဒေသတွင်းအဖွဲ့များကတိုက်ခိုက်ခဲ့ရာ မတ် ၁၅ရက်တွင် ၈ ဦး ၊ M2W ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၆ဦး ၊ ၁၆ရက်တွင် ၉ ဦး၊ ၂၁ ရက်တိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် ၁၉ ဦး စုစုပေါင်း ၄၂ဦး သေဆုံးခဲ့သည်။
မြောင်မြို့နယ်တွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းကြောင့် PDFစခန်းနှစ်ခု စီးနင်းမီးရှို့ခံရပြီး ရဲဘော်တစ်ဦးကျဆုံးကာ ဒေသခံပြည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ဒေသခံပြည်သူများ၏နေအိမ်အများအပြားလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ လက်ဝတ်လက်စားနှင့်အဖိုးတန်ပစ္စည်းများစွာ သိမ်းဆည်းခံခဲ့ရသည်။
