ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သားခုနှစ်ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF တာဝန်ရှိသူက People’s Springသတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သားများ မှာ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ်ဖမ်းမိခြင်း၊တပ်ရင်းမှ ထွက်ပြေးလာခြင်းနှင့် နယ်မြေကျွံဝင်လာ ခြင်းဟု ဆိုသည်။
“ ဒေါတမကြီး ဘက်က ၉ ရက်ကစလို့ တိုက်ပွဲ ပြင်း ထန်ခဲ့တဲ့ ၂၃ ရက်နေ့အထိ စကစ တပ်သားတွေကို ဖမ်း မိထားတာရှိပါတယ်။လောလောဆယ်တော့ KNDF ရဲ့ စစ်စည်းကမ်းအတိုင်း လုပ်နေပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ မတ်လ ၈ ရက်ကစ၍ထိုးစစ်ဆင်ဝင်ရောက်လာရာ ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) နှင့် ဘောလခဲ PDF တို့ပူး ပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်ထန်ခဲ့သည်။
ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀)ရက် မှ (၂၃) ရက် ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။ထိုအပြင်လက်နက်မျိုးစုံ ၄၀ ကျော်နှင့်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

သိမ်းဆည်းရရှိသော လက်နက်များအရ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များ ပါဝင်သည်။
ထို့အပြင် ယခုလ ၁၁ ရက်က ရှမ်း-ကယား (ကရင် နီ)ဒေသအစပ် ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက် ပွဲတွင်လည်း စစ်ကောင်စီတပ်သားအလောင်း ၁၉ လောင်း နှင့် အရှင် ခြောက်ဦးဖမ်းဆီးရမိကာ လက် နက်၊ခဲယမ်းအများ အပြားသိမ်းဆည်းရရှိထားသည်။

ဒီးမော့ဆို မြို့နယ်အတွင်းစစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့ရာတွင် KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး ၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားခဲ့ရသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် KNDFမှမှတ်တမ်းတင်ထားကြောင်းထုတ်ပြန်သည်။
လက်ရှိ ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများအား အရှိန်ကောင်းကောင်းဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်း မီးကျောက်များ ဖြည့်တင်းရန် လိုအပ်နေသောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ ပြည်သူများအနေဖြင့် အလေးနက် ထား အကူအညီပေးရန် KNDF မှတိုက်တွန်းထားသည်။
